ယုဇနကုမ္ပဏီ ထွက်ခွာပေးဖို့ ကချင်ဒေသခံတွေ ဆန္ဒမဲပေး


2014.09.24
hukaung-farmers-305 ကချင်ပြည်နယ်က ဒေသခံလယ်သမားတွေ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ယုဇန ဟိုတယ်ရှေ့မှာ မေလ ၃၀ ရက်နေ့က လယ်မြေဧက ၃ သိန်းကျော်ပြန်ရရေး ဆန္ဒပြတောင်းဆိုနေစဉ်
Photo:Thiha Htun / RFA

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ ပီလောပီနံ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ယုဇနကုမ္ပဏီကို ကန့်ကွက်ကြောင်း ဖားကန့်မြို့နယ် ကျေးရွာ ၆ရွာက ဒေသခံတွေက ဆန္ဒမဲပေးခဲ့ကြတယ်လု့ိ သိရပါတယ်။

ယုဇနကုမ္ပဏီ အဲ့ဒီဒေသကနေ အပြီးအပိုင်ထွက်သွား ဖို့ ဒေသခံတွေဆီက ဆန္ဒမဲတွေ ကောက်ခံရာ မှာ ဒေသခံ ၇၅၅ ဦးထဲက ၇၂၅ ဦးက ဆန္ဒမဲပေး ခဲ့တယ်လို့ လယ်သမားအရေးဆောင်ရွက်နေတဲ့ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

"စုစုပေါင်း ၇၅၅ မဲ ပါဝင်ကြတယ်၊ ယုဇနကို ကန့်ကွက်တာက ၇၂၅ မဲ၊ ၁ဝ မဲကပယ်မဲ၊ ၁၅ ကတော့ ထောက်ခံမဲပေါ့၊ ဒါကြောင့် ကျနော်တို့ ယုဇနကို ကန့်ကွက်တဲ့ ၉၇ ရာခိုင်နှုန်း ကောက်ယူ ရရှိတဲ့အတွက် ယုဇနကုမ္ပဏီကို ဒီဒေသက အပြီးအပိုင်ထွက်သွားဖို့ ဆက်လက်လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်၊ ယုဇနကုမ္ပဏီကြောင့် ဒီဒေသမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးတယ်"

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က ဖားကန့်မြို့နယ် ဝါရာဇွပ်၊ အောင်ရာ၊ ရှဒူးဇွပ်စတဲ့ ကျေးရွာ ၆ ရွာမှာ ဆန္ဒမဲကောက်ခံပွဲ ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရရှိထားတဲ့ ဆန္ဒမဲလက်မှတ်တွေကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ ကေအိုင်အေနဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေထံ ပေးပို့သွားမယ်လို့ ဒေါ်ဘောက်ဂျာက ဆိုပါတယ်။

ယုဇနကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်က ဖားကန့်နဲ့ တနိုင်းမြို့နယ်ထဲက ဥယျာဉ်ခြံနဲ့ လယ်မြေဧက ၃ သိန်းကျော်ကို သိမ်းဆည်းခဲ့တယ်ဆိုပြီး လယ်သမားတွေက မြစ်ကြီးနားမြို့နယ်တရားရုံးမှာ ကုမ္ပဏီကို တရားစွဲခဲ့ပါတယ်။

ဥယျာဉ်ခြံမြေတစ်ဧကကို ကျပ် ၆ သောင်း၊ လယ်တစ်ဧကအတွက် ကျပ် ၈ သောင်းနဲ့ ယာတစ်ဧကအတွက် ကျပ် ၄သောင်းပေးဖို့ တရားရုံးကဆုံးဖြတ်ပေးခဲ့ပေမဲ့ လယ်သမားအတော်များများက လက်မခံခဲ့ကြဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။