ဟူးကောင်းဒေသကို ကန့်သတ်နယ်မြေ သတ်မှတ်ပေးဖို့ တင်ပြ
2017.12.06

ပြီးခဲ့တဲ့ ကချင်ပြည်နယ် အစိုးရလက်ထက်မှာ တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသကို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ကန့်သတ်နယ်မြေအဖြစ် ကြေညာခဲ့သလို လက်ရှိအစိုးရလက်ထက်မှာလည်း သတ်မှတ်ပေးဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ ရွှေ၊ ပယင်းနဲ့ သစ်၊ ဝါး စတဲ့ သယံဇာတပစည်းတွေကို တရားမဝင် ထုတ်ယူမှုတွေ ရှိနေတာကြောင့် နိုင်ငံတော်ရဲ့ သဘာဝအဖိုးတန်ပစ္စည်းတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့အတွက် အခုလိုမေးခွန်း မေးမြန်းပြီး တင်ပြတာဖြစ်တယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး အောင်ဆန်းဝင်းက လွှတ်တော်မှာ ပြောပါတယ်။
"တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္တာန်ဘေးမဲ့တော ကန့်သတ်နယ်မြေအတွင်း တောတောင် ထူထပ်မှုကို အခွင့်ကောင်းယူပြီး တောရိုင်းတိရစ္ဆာန်များ တရားမဝင်ဖမ်းဆီးခြင်း၊ သစ်၊ ဝါး၊ ကြိမ်နှင့် သစ်တော ထွက်ပစ္စည်းများ တရားမဝင်ထုတ်လုပ်ခြင်း၊ ကန့်သတ်ဧရိယာအတွင်း ကျူးကျော်ဝင်ရောက်ပြီး ရွှေ၊ ပယင်း တရားမဝင် တူးဖော်ခြင်းများကို ပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်မှုကင်းလွတ်ပြီး ဥပဒေမဲ့စွာ လုပ်ကိုင်ဆောင် ရွက်နေမှုများကို တွေ့ရှိနေရပါတယ်။ သို့ဖြစ်ပါ အထက်ပါနယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ကန့်သတ် နယ်မြေအဖြစ် ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ညွှန်ကြားခဲ့သလို ယခု ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သတ်မှတ်ပေးနိုင်ခြင်းရှိ မရှိ ဥက္ကဋ္ဌကြီးမှတဆင့် ကြယ်ပွင့်ပြ မေးခွန်းအဖြစ် မေးမြန်းတင်ပြရခြင်းဖြစ်ပါတယ်"
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဋ္ဌာနက ဝန်ထမ်းတွေအနေနဲ့ လုံခြုံရေးအခြေအနေကြောင့် အဲဒီနယ်မြေထဲမှာ သားငှက်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ထိရောက်စွာ မလုပ်ကိုင်နိုင်ကြောင်းလည်း တပ်မတော်သားကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။
အဲဒီလိုသတ်မှတ်ဖို့အတွက် ပြည်ထောင်စုအဆင့်က စီမံဆောင်ရွက်ရတာဖြစ်တာကြောင့် ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဧရိယာကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ် ပေးနိုင်ခြင်းမရှိကြောင်း ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကိုယ်စား လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီး ဦးဝင်းညွှန့်က လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်း နဲ့ ခန္တီး၊ ကချင်ပြည်နယ်က ဖားကန့်နဲ့ တနိုင်း တို့ ပါဝင်ပြီး စတုရန်းမိုင်ပေါင်း ထောင်ချီရှိတဲ့မြေနေရာကို ဟူးကောင်းချိုင့်ဝှမ်း တိရစ္ဆာန်ဘေးမဲ့တောနဲ့ ဟူးကောင်းချိုင့်ဝှမ်း တိရစ္ဆာန်ဘေးမဲ့တော တိုးချဲ့နယ်မြေတွေအဖြစ် အရင်အစိုးရလက်ထက်က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။