ကျားထိန်းသိမ်းရေး ရန်ပုံငွေ ရုတ်သိမ်းဖို့ တောင်းဆိုမည်
2012.11.16

အမေရိကန်အစိုးရက မြန်မာနိုင်ငံ ဟူးကောင်းချိုင့်ဝှမ်း ကျားထိန်းသိမ်းရေး အတွက် ၂၀၁၁ ခုနှစ်က ထောက်ပံ့ငွေ စတင်ပေးအပ်ခဲ့ပြီး တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ငွေလက်ခံရယူခဲ့ပေမယ့် ကျားထိန်းသိမ်းရေးအတွက် အမှန်တကယ်အကျိုးမရှိတာကြောင့် ငွေထောက်ပံ့နေတာကို ရပ်ဆိုင်းဖို့ တောင်းဆိုတာပါ။
၂၀၁၁ ခုနှစ်က အမေရိကန်အစိုးရက ဟူးကောင်းချိုင့်ဝှမ်းကျားထိန်းသိမ်းရေးအတွက် ဒေါ်လာ ၄သိန်း ထောက်ပံ့တယ်ဆိုတာ သိရပြီး ဘယ်မှာသုံးတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် အဲဒီနေရာမှာ ယုဇနကုမ္မဏီရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကြောင့် ဆိုင်းဘုတ်တွေထောင်ထားတဲ့ စိုက်ကွင်းတွေဖြစ်နေပြီး ကျားထိန်းသိမ်းရေးလုပ်ငန်းအတွက် တိုးတက်မှု ရှိမလာဘူးလို့ ဟူးကောင်းချိုင့်ဝှမ်းအရေး မပြတ် လေ့လာစောင့်ကြည့်သူလဲဖြစ် ကိုယ်တိုင်လဲ စာရေးတဲ့အထဲမှာ ပါဝင်တဲ့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ဝင် မဆိုင်းမိုင်က ပြောပါတယ်။
၂၀၀၇ ခုနှစ်ကစလို့ ဟူးကောင်းချိုင့်ဝှမ်းအတွင်းရှိ မြေလွတ်မြေရိုင်းအပါအဝင် တောင်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်မြေဧက ၂သိန်း ကျော်ကို ယုဇနကုမ္ပဏီက သိမ်းယူပြီး အကြီးစားစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေတာဖြစ်ပါတယ်။