တပ်မတော်က ၅ နှစ်အတွင်း သစ်တန်ချိန် ၃ သောင်းကျော် ဖမ်းမိ
2017.08.05

တပ်မတော်က ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တရားမဝင်သစ်တန်ချိန် ၃ သောင်းကျော်နဲ့၊ ကျောက်စိမ်းတန်ချိန် ၃ဝဝ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ မနေ့ကပြုလုပ်တဲ့ ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး လှိုင်ဖြိုးဝေက ပြောပါတယ်။
မနေ့က ကချင်ပြည်နယ် လွှတ်တော်မှာ တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း တရားမဝင် ရွှေနဲ့ ပယင်း တူးဖော်လုပ်ကိုင်နေမှုကို ရပ်စဲပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးရေးအဆိုကို တင်သွင်းရာမှာ ဗိုလ်မှူး လှိုင်ဖြိုးဝေက အခုလိုထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
"တရားဥပဒေစိုးမိုးရေးမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ဥပဒေ အရစောင့်ရှောက်ပေးရပြီး၊ ဥပဒေစိုးမိုးမှုနဲ့ လုံခြုံရေးအားနည်းတဲ့နေရာမှာ တပ်မတော်က ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံတော်ရဲ့ သယံဇာတပစ္စည်း ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ရေးအနေနဲ့ တပ်မတော်က ခေတ်အဆက်ဆက်ဆောင်ရွက်ရာမှာ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း သစ် ၃ဝဝ၁၅ တန်၊ ယာဉ် ၁၇၂၉ စီး၊ ယန္တရား ၉၈ စီး၊ ကျောက်စိမ်း ၃၆၂ တန်၊ ငါးခိုးသင်္ဘော ၃၁၂ စီးကို ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံတော်ဆုံးရှုံးမှုမှ ကာကွယ်ပေးခဲ့ပါတယ်"
အဲဒီ ပမာဏဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာ ဖမ်းဆီးရမိတဲ့ ပမာဏ ဖြစ် ပါတယ်။
ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာ သစ်နဲ့ ကျောက်စိမ်းတွေကို တရားမဝင် သယ်ယူရောင်းချနေတာတွေ ရှိနေတာဖြစ်ပါတယ်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ကနေ RFA က ရရှိထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ် တစ်ခုတည်းမှာ တရားမဝင် သစ်ပေါင်းစုံ တန်ချိန် ၂ သောင်းကျော် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။