ဟူးကောင်းချိုင့်ဝှမ်းကို ကန့်သတ်နယ်မြေ သတ်မှတ်ဖို့ အဆို ကန့်ကွက်ခံရ


2017.08.04
hlaingphyowai-622.jpg တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး လှိုင်ဖြိုးဝေ ကချင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းနေစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသက သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း တရားမဝင် ရွှေနဲ့ ပယင်း တူးဖော်လုပ်ကိုင်နေမှုကို ရပ်စဲပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးရေးအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးက အဆိုတင်သွင်းရာမှာ လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ကန့်ကွက်လိုက်ပါတယ်။

တနိုင်း-ဟူးကောင်းဒေသမှာ တရားမဝင် ရွှေနဲ့ ပယင်း တူးဖော်နေသူတွေဟာ KIA အဖွဲ့ကို ဆက်ကြေးငွေ သိန်းထောင်ချီပေးနေရပေမယ့် ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရတွေကတော့ အခွန်ငွေတွေ ဆုံးရှုံးနေရတယ်လို့  တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး လှိုင်ဖြိုးဝေ က ပြောပါတယ်။

"တရားမဝင် ရွှေ၊ ပယင်းတူးဖော်မှုများဟာ ကေအိုင်အို/ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ကို နှစ်စဉ်ဆက်ကြေးငွေ ကျပ် သိန်းနှစ်သောင်းရှစ်ထောင်ခန့် ပေးဆောင်ရလျက်ရှိသော်လည်း ပဲ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့မှာ အခွန်ဘဏ္ဍာရရှိခြင်းမရှိဘဲ ဘဏ္ဍာငွေများစွာ နစ်နာဆုံးရှုံးလျက်ရှိပါတယ်ခင်ဗျာ။"

ဟူးကောင်းချိုင့်ဝှမ်းဒေသကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေအဖြစ် ပြည်ထောင်စုအစိုးရက သတ်မှတ်ထားပြီး သယံဇာတ တူးဖော်မှုတွေကို ခွင့်မပြုထားဘူးလို့ ပြောပါတယ်။

အဲဒီဒေသမှာ ကေအိုင်အေ/ ကေအိုင်အိုအဖွဲ့က တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး စက်ယန္တရားတွေနဲ့ ရွှေ၊ ပယင်း စတဲ့ သယံဇာတတွေကို တရားမဝင် တူးဖော်လုပ်ကိုင်နေတယ်လို့လည်း ပြောပါတယ်။

တရားမဝင် တူးဖော်လုပ်ကိုင်မှုတွေကြောင့် နန်ဗျူ၊ ညောင်ပင်ကုန်း၊ ချမ်းသာ၊ နမ့်ကွမ်း စတဲ့ မှော်နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ ဟူးကောင်းဒေသ တောတောင်ရေေမြေတွေဟာ ကျင်းတွေ၊ ချိုင့်တွေဖြစ်ပေါ်ပြီး  မြစ်ချောင်းတွေ တိမ်ကောပျက်စီးလာနေတယ်လို့ အဆိုရှင်က ပြောပါတယ်။

အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက ထောက်ခံဆွေးနွေးပြီး ဖားကန့်နဲ့ တနိုင်းမြို့နယ် ကိုယ်စားလှယ် ၂ ယောက်က ကန့်ကွက်ခဲ့တာကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူခဲ့ပါတယ်။

ဒီကနေ့အစည်းအဝေးကို တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၉ ဦးမှာ ကိုယ်စားလှယ်အယောက် ၂၀ က ထောက်ခံပြီး ၂၉ ဦးက ကန့်ကွက်ခဲ့တာကြောင့် အဲဒီအဆိုကို လွှတ်တော်မှာ မဆွေးနွေးဖို့ ဆုံးဖြတ်လိုက် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။