ယုဇနကုမ္ပဏီနဲ့ ဒေသခံတွေ ညှိနှိုင်းမရသေး


2016.05.07

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတဲ့ မြေနေရာတွေ မှာ ဒေသခံရွာသားတွေက ထွန်ယက် စိုက်ပျိုးဖို့ပြင်ဆင်နေတဲ့အတွက် ကုမ္ပဏီ ဝန်ထမ်းတွေက တားမြစ်ရာ မှာ နှစ်ဖက်အငြင်းပွားမှုဖြစ်နေတာကြောင့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ သွားရောက်ညှိနှိုင်းပေ မယ့် ပြေလည်မှုမရရှိခဲ့ပါဘူး။

ဖားကန့်မြို့နယ် မြေစာရင်း၊ စိုက်ပျိုးရေး၊ စီမံကိန်းစတဲ့ ဋ္ဌာနဆိုင်ရာငါးခုက မြို့နယ်အရာရှိတွေ ဒီကနေ့သွားရောက် ညှိနှိုင်းပေးပေမယ့် မပြေလည်ခဲ့ဘူးလို့  ဖားကန့်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းကျော်က ပြောပါတယ်။

"ယုဇနပိုင်တဲ့ မြေလွတ်မြေရိုင်းရထားတဲ့မြေနေရာကို ရွာသူ၊ ရွာသားတွေက လယ်ယာစိုက်ပျိုးဖို့ ဝင်ရောက်လုပ်ကိုင်ဖို့ ပြင်ဆင်ဆောင်ရွက်တာပေါ့၊ အဲ့ဒါကို ယုဇန အဖွဲ့ကနေ စိစစ်တားမြစ်ပေးဖို့ ဆိုပြီးတော့ စာတက်လာတယ်၊ ယုဇနကုမ္ပဏီကနေ တင်ပြထားတာကတော့ ၇၅၉၃ ကျေးရွာ အုပ်စုကတော့ ၂၉၄၄၊ နောင်းမီကျေးရွာအုပ်စုက ၄၆၄၉ ဧကပါဗျ၊ နှစ်ဖက်ညှိနှိုင်းလို့မရအောင် ဖြစ်နေတယ်၊ ရွာသူ၊ ရွာသားအဖွဲ့တွေက မြို့နယ်ကအဖွဲ့တွေကို တစ်ခါတည်း ဆုံးဖြတ်ပေးနိုင်မလား၊ ဘာလားဆိုပြီးတော့ ပြောနေတယ်၊ မပြေလည်ခဲ့ပါဘူးဗျာ"

ပြီးခဲ့တဲ့ မေလ ၄ရက်နေ့က အဲဒီမြေတွေမှာ ဝင်ရောက်ထွန်ယက်တဲ့ တောင်သူတွေကို ကုမ္ပဏီဝန်ထမ်းတွေက တားမြစ်ရာမှာ နှစ်ဖက်ပြဿနာဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းပေးဖို့အတွက် ကုမ္ပဏီဖက်က ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြလာတဲ့အတွက် ဒီနေ့ သွားရောက် ညှိနှိုင်းတာဖြစ်ပါတယ်။

တပ်မတော်အစိုးရလက်ထက်က ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ ကြံ၊ ပီလောပီ စတဲ့ သီးနှံတွေ စိုက်ပျိုးဖို့ဆိုပြီး ဧကသိန်းနဲ့ချီရှိတဲ့ စိုက်ခင်းတွေကို ယုဇနကုမ္ပဏီက သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဝါရာဇွပ်၊ ဗန်ကောက်၊ နောင်းမြီ၊ ရှဒူးဇွပ် စတဲ့ကျေးရွာတွေက ဒေသခံရွာသားတွေဟာ သူ့တို့ဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးရလိုမှုအပါအဝင် လယ်မြေတွေမှာ ပြန်လည် လုပ်ကိုင်ခွင့် ရဖို့အတွက် ယုဇနကုမ္ပဏီကို တရားစွဲမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

အလားတူ ကုမ္ပဏီဘက်ကလည်း အပြန်အလှန်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရုတ်နဲ့ အိန္ဒိယနိုင်ငံကို ဆက်သွယ်ထားတဲ့ ကမ္ဘာ့သမိုင်းဝင် လီဒို လမ်းမကြီးဖြတ်သန်းတည်ရှိရာ ဟူးကောင်းချိုင့် ဝှမ်းဒေသမှာ မိုးကောင်း၊ ဖားကန့်၊ တနိုင်း စတဲ့ မြို့နယ် သုံးခုက ကျေးရွာတွေ ဆက်စပ်ပါဝင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။