ကချင်ပြည်နယ်က တိုင်းရင်းသားတွေ အားလုံးအရေး ထည့်သွင်းဆွေးနွေးဖို့ တောင်းဆို
2013.05.25
ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုများအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အလေးထားပြီး အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ နှစ်ဖက်အမြန်ဆုံး ငြိမ်းချမ်းရေးရအောင် ဆွေးနွေးပေးကြဖို့ ကချင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေက ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ကြပါတယ်။
လာမယ့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့မှာပြုလုပ်မယ့် အစိုးရနဲ့ ကေအိုင်အိုတို့ ဆွေးနွေးပွဲမှာ ကျန်တဲ့တိုင်းရင်းသားအရေးတွေကိုလည်း ထည့်သွင်းဆွေးနွေးပေးစေလိုတဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ လက်မှတ်ရေးထိုးရာမှာပါဝင်တဲ့ ဦးစိုင်းထိန်လင်းက RFA ကို ပြောပါတယ်။
“ကချင်ပြည်နယ်မှာ သမိုင်းအစဉ်အဆက် အခုချိန်ထိနေခဲ့တဲ့ ကျနော်တို့ ရှမ်းမျိုးနွယ်စုဟာ ကချင်ပြည်နယ်ထဲမှာ သွတ်သွင်းတဲ့ အချိန်ကစပြီးတော့ ကျနော်တို့လူမျိုးစုနယ်မြေတွေဟာ တိမ်မြှပ်နေတယ်၊ နောက်ကျနော်တို့ဟာ ပြောရေးဆိုခွင့်ဟာလည်း မရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ ကမ္ဘာနဲ့မြန်မာကိုသိဖို့အတွက် စည်းဝေးရခြင်းဖြစ်ပါတယ်၊ ကျနော်တို့ ငြိမ်းချမ်းရေး သဘောတူညီမှုများ ချမှတ်တဲ့အခါမှာ ကချင်လူမျိုးစုအတွက် အဓိကမဟုတ်ပဲနဲ့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံ ရှမ်းလူမျိုးစုများအပါအဝင် တခြားတိုင်းရင်းသားများရဲ့ အကျိုးစီးပွား၊ အခွင့်အရေးကိုလည်းပဲ မထိခိုက်ဖို့အတွက် အလေးထားနိုင်ဖို့အတွက် ကျနော်တို့က သဘောထားထုတ်ပြန်ရခြင်းဖြစ်ပါတယ်”
အဲဒီကြေညာချက်မှာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ကချင်မဟုတ်တဲ့ ကျန်တဲ့တိုင်းရင်းသား လူမျိုးစုတွေရဲ့ တန်းတူညီမျှမှုအခွင့်အရေး ဆွေးနွေးပေးဖို့အပြင် ကုလသမဂ္ဂက ပြဌာန်းထားတဲ့ တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေးကိုလည်း အားလုံးကလေးစားလိုက်နာကြဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
မြစ်ကြီးနား၊ တာလောကြီး၊ ဝိုင်းမော်၊ ခတ်ချိုစတဲ့ မြို့ရွာတွေမှာ နေထိုင်တဲ့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ် စုစုပေါင်း ၃၁ ယောက်က ဒီကနေ့မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်မှာ အစည်းအဝေးပွဲကျင်းပခဲ့ပြီး စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြတာပါ။