ကန်ပိုက်တီမှာ မီးလောင်
2017.01.26

တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့မှာ မနေ့ညပိုင်းက မီးလောင်လို့ အဆောက်အဦး ၅ လုံး ပျက်စီးပြီး ကာလတန်ဖိုး ကျပ်သိန်းပေါင်း နှစ်ရာဝန်းကျင် ဆုံးရှုံးခဲ့ပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချုံးခရိုင် ကူရုံမြို့က မီးသတ်ကားတစ်စီးနဲ့ ကန်ပိုက်တီ ဒေသခံတွေစုပေါင်း ငြိမ်းသတ်ခဲ့လို့ ဒီကနေ့ မနက် ၂ နာရီလောက်မှာ မီးလောင်မှုကို ထိန်းချုပ်လိုက်နိုင်တယ်လို့ ပြည်နယ် မီးသတ်တပ်ဖွဲ့မှူး ဦးစိုးဝင်းက ပြောပါတယ်။
ဝိုင်းမော်မြို့က မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် မီးသတ်ကားတွေနဲ့ မိုင် ၇၀ နီးပါးဝေးတဲ့ ကန်ပိုက်တီမြို့ကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း မီးလောင်မှုကို ထိန်းချုပ်နိုင်လိုက်တာကြောင့် သွားဖို့မလိုတော့ကြောင်း ပြော ပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နေသလို တစ်မြို့လုံးနီးပါး မီးလောင်တာမဟုတ်ကြောင်းနဲ့ ကန်ပိုက်တီမြို့ ရပ်ကွက် ၂ နေအိမ်တစ်ခုက မီးကြွင်းမီးကျန်ကနေတဆင့် စတင်လောင်ကျွမ်းခဲ့လို့ အိမ်ပိုင်ရှင်ကို ဥပဒေနဲ့အညီ အရေး ယူဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကန်ပိုက်တီမြို့အနီး စင်ကြိုင်စစ်ဘေး ကယ်ဆယ်ရေးစခန်းမှာ မီးလောင်လို့ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ဖူးပါတယ်။
မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်က ကန်ပိုက်တီမြို့ဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်တဲ့ နယ်ခြားမြို့ဖြစ်ပါတယ်။