ကချင်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ
2013.02.05

လိုင်ဇာမြို့ရှိ ဌာနဆိုင်ရာနဲ့ ဒုက္ခသည်စခန်းတွေမှာ မနက် ၈ နာရီကနေ စတင်ပြီးတော့ ကျင်းပတဲ့အကြောင်း ကေအိုင်အို စစ်မဟာဗျူဟာ လေ့လာရေးဌာနမှုး ဗိုလ်မှူးကြီး ဇော်တောင် က RFA ကို ပြောပြပါတယ်။
“အခုလောလောဆယ် လိုင်ဇာ အခြေအနေအရ အရင်ကလို အခမ်းအနားတွေ မလုပ်ဖြစ်တော့ဘူး၊ ကျောင်းတွေမှာ ကျောင်းသားတွေနဲ့ ဆရာမတွေ ပြီးတော့မှ ဒီမှာရှိတဲ့ တပ်ထဲက ပြည်သူတွေ၊ လိုင်ဇာမြို့ပေါ်မှာရှိတဲ့ တပ်တွေကတစ်ဖွဲ့ အဲဒီမိန့်ခွန်းနားထောင်တဲ့ အစီအစဉ်ပဲရှိတယ်။ ပြီးတော့ ဒုက္ခသည်စခန်းမှာတော့ ဥက္ကဌကြီးရဲ့ မိန့်ခွန်းဖတ်ပြတယ်၊ အဲဒီအစီအစဉ်ပဲရှိတယ်၊ တခြားအစည်းအဝေး အခမ်းအနားတွေ ဘာတွေမလုပ်ဖူး”
ရှေ့တန်းတပ်စခန်းတွေမှာလဲ အလားတူပဲ ခရစ်ယာန်ဘာသာအရ ဆုတောင်းကြသလို ကေအိုင်အို ဥက္ကဌရဲ့ မိန့်ခွန်းကို ဖတ်ကြားကြတယ်လို့ သိရပါတယ်။
အဲဒ့ီမိန့်ခွန်းထဲမှာတော့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ အားပေးစကား ပြောကြားထားတယ်လို့ အခမ်းအနားတက်ခဲ့တဲ့ လိုင်ဇာဒေသခံတစ်ယောက်က ပြောပါတယ်။
“စစ်ဖြစ်ရတဲ့အကြောင်းအရင်းတွေ ပြောပြတာရှိတယ်၊ နောက်မတရားဖိနှိပ်ခံရတာကို ကျနော်တို့က တော်လှန်ရေးလုပ်နေရခြင်း ဖြစ်တဲ့အကြောင်းတွေ နောက်ပြီးတော့ လူသားတွေအားလုံးဟာ ကိုယ့်ရဲ့ကိုယ်ပိုင်အခွင့်အရေး အဲဒါတွေရရှိနိုင်ဖို့ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ စစ်အစိုးရလဲ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ အားလုံးရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့မှ အမြန်ဆုံး အစည်းအဝေးလုပ်နိုင်အောင် အိမ်နီးချင်းနိုင်ငံတွေရော ကမ္ဘာ့ကုလသမဂ္ဂရော ပါဝင်လာတဲ့အတွက်ကြောင့်မို့ အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း၊ နောက်ပြီးတော့ ဒီနေရာမှာ ကျနော်တို့အားလုံးက စည်းစည်းလုံးလုံးနဲ့ ဖယ်ဒရယ်စနစ်ရပြီးမှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ဖို့ လိုအပ်တဲ့အချိန်တိုင်းမှာ အားလုံးကူညီနိုင်အောင်ဆိုပြီး မိန့်ခွန်းထဲမှာ ထည့်ပြောထားတာရှိတယ်”
၂၀၀၉ ခုနှစ်ကတော့ ၄၉ ကြိမ်မြောက် ကေအိုင်အို တော်လှန်ရေးနေ့အခမ်းအနားကို ကချင်ပြည်နယ်အတွင်းရှိ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံစတဲ့ လူတန်းစားအလွှာ အသီးသီးကိုဖိတ်ခေါ်ပြီး ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ စစ်ရေးပြအခမ်းအနား၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ အကြီးအကျယ် ကျင်းပခဲ့ဖူးပါတယ်။
အဲဒီနောက် တဖြည်းဖြည်းအစိုးရနဲ့ စစ်ရေးအရ ဆက်ဆံရေး တင်းမာလာသလို ကချင်တော်လှန်ရေးနေ့ အခမ်းနားတွေကိုလည်း အကျဉ်းချုံးကျင်းပလာတာ ဒီနေ့အထိဖြစ်ပါတယ်။
၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကချင်အမျိုးသား ဇော်တူး၊ ဇော်ဆိုင်း တို့ ဦးဆောင်ပြီးတော့ ကချင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တဲ့နေ့ရက်ကို ကချင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။