ယူနန်ပြည်နယ်မှာ ခိုလှုံနေတဲ့ ကချင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်နေ

ကချင်ဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပေးဖို့နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးတာကို လက်ခံပေးဖို့ တရုတ်အစိုးရကိုလည်း HRW အဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အစီအရင်ခံစာ ထုတ်ပြန်တဲ့ပွဲမှာ HRW အဖွဲ့ရဲ့ အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က-
"ကျွန်တော်တို့ မေးမြန်းစုံးစမ်းချက်အရ ဒုက္ခသည်တွေဟာ အကူအညီ အရေးပေါ် လိုအပ်နေပါတယ်။ ကချင်ဒုက္ခသည်တွေ ယူနန်ပြည်နယ်ထဲ စတင်ဝင်ရောက်ခဲ့တဲ့ အချိန် ၂၀၁၁ ခုနှစ် ဇွန်လကတည်းက တရုတ်အစိုးရထံက လူသားချင်းစာနာတဲ့ အကူအညီ လုံးဝမရခဲ့ပါဘူး။ ဒါတင်မကပဲ တရုတ်အစိုးရဟာ ကုလသမဂ္ဂအဖွဲ့တွေ သွားရောက် အကူအညီပေးတာကိုလည်း ခွင့်မပြုပါဘူး။ တကယ်တော့ တရုတ်အစိုးရဟာ ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကချင်စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးဖို့၊ အကာအကွယ်ပေးဖို့၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ယူနန်ပြည်နယ်အတွင်းမှာ ခိုလှုံနေကြတဲ့ ကချင်ဒုက္ခသည်တွေဟာ သောက်သုံးရေ လုံလောက်အောင် မရရှိတာ၊ နေရာထိုင်ခင်း မလုံလောက်တာအပြင် ဆေးဝါးနဲ့ သန့်ရှင်းမှု မရှိတာတွေကြောင့် အခက်အခဲ ဖြစ်နေကြောင်း ပြောထားပါတယ်။
ဒါ့အပြင် ဒုက္ခသည်ကလေးငယ်တွေဟာ လပေါင်းများစွာ ယူနန်ပြည်နယ်ထဲမှာ နေထိုင်ရတာကြောင့် ကျောင်းတက်ခွင့်လည်း မရှိတော့သလို၊ လူကြီးတွေအနေနဲ့ နေ့စား အလုပ်သမားတွေအဖြစ် အလုပ်အကိုင်ရှာဖွေကြရာမှာလည်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေကို ယူနန်ပြည်နယ်အတွင်းမှာရှိတဲ့ ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတွေနဲ့ တခြား လူမှုရေးအဖွဲ့ငယ်တွေက ကူညီနေကြပေမယ့် အဲဒီအဖွဲ့တွေမှာလည်း ရန်ပုံငွေ မရှိတာကြောင့် လုံလောက်အောင် ထောက်ပံ့မပေးနိုင်ဘူးလို့ သိရပါတယ်။
ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းမှာ ထွက်ပြေးပုန်းရှောင်နေကြရတဲ့ ကချင်စစ်ပြေး ဒုက္ခသည် ၇ သောင်း ၅ ထောင်လောက်ရှိမယ်လို့ HRW က ခန့်မှန်းထားပါတယ်။