အစိုးရနဲ့ KIO နေ့စဉ် ပစ်ခတ်မှု ရှိနေဆဲ

အစိုးရတပ်တွေနဲ့ KIO တပ်တွေ ယာယီ အပစ်အခတ် ရပ်စဲရေး စတင် စကားပြောဆိုနေတယ် ဆိုပေမယ့် နေ့စဉ် တဘက်နဲ့ တဘက် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

2011.07.09

အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ ညပိုင်းတွေမှာ ပစ်ခတ်နေသလို KIO ဘက်ကလည်း နေ့ပိုင်းမှာ လက်ဖြောင့်တပ်သားတွေက ချောင်းမြောင်း ပစ်ခတ်နေတယ်လို့ KIO က ပြောပါတယ်။

ဇွန်လ ၉ ရက်နေ့ နှစ်ဘက်တိုက်ပွဲတွေ စတင် ဖြစ်ပွားတဲ့ ဆန်ကာဒေသ တဝိုက်မှာ အခုလို ဖြစ်ပွားနေတာပါ။ KIO အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦလနန်းက ခုလိုပြောပါတယ်။

“သူတို့ဘက်က လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို ပစ်နေတာလေ။ အဲဒီကျတော့ ကျနော်တို့ဘက်ကလည်း သူတို့ကို အပြင်ထွက်လို့ မရအောင် နည်းနည်း အနှောက်အယှက် ပေးထားတာ ရှိတယ်”

ဒါ့အပြင် အစိုးရဘက်က တပ်တွေ တိုးချဲ့ချထားတာတွေလည်း မြင်နေရတယ်လို့ ဆိုပါတယ်။

“(သူတို့ဘက်က) တပ်အင်အားဖြည့်တယ် ဆိုတော့ ကျနော်တို့ဘက်ကလည်း လမ်းမှာဆီးပြီး မိုင်းနဲ့ခွဲတယ်။ ဒီနေ့ မနက် ကိုးနာရီခွဲလောက်ကလည်း ဖြစ်သေးတယ်။ မိုးမောက်ကတက်လာရင် လွယ်ဂျော် တောင်ဆိုတာ ရှိတယ်။ အဲဒီမှာ ဗန်းမော် ခလရ (၂၁) က လူအင်အား ၁ ရာနီးပါးလောက်ရှိမယ် ယာဉ်တန်းနဲ့ တက်လာတာ။ အဲဒီမှာ မိုင်းထိပြီးတော့ သူတို့ဘက်က ၅ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရတယ်”

အစိုးရနဲ့ KIO ယာယီ အပစ်ရပ်ဖို့ စတင် စကားပြောနေတယ် ဆိုပေမယ့် တိတိကျကျ လက်မှတ်ရေးထိုးတာမျိုး မရှိသေးတာကြောင့် ခုလိုပစ်ခတ်မှုတွ ဖြစ်နေတာလို့ KIO က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်နေ့ အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဘက်တွေ့ဆုံ စကားပြောရာမှာ အစိုးရဘက်က မိမိတို့တပ်တွေကို အပစ်အခတ်ရပ်ဖို့ ညွန်ကြားထားပြီး ဖြစ်တယ်လို့ ကြားဝင်စေ့စပ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးသန်းအောင်က ပြောဆိုပါတယ်။

ဒီအတောအတွင်း တရုပ်နိုင်ငံကနေ တင်သွင်းလာတဲ့ စစ်ကားတန်းတခု မူဆယ်မြို့အလွန်မှာ ဇူလိုင်လ ၈ ရက်နေ့ မနက် ၅ နာရီလောက်က မိုင်းနင်းမိတဲ့အတွက် ကား၂ စီး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကားတွေဟာ တရုပ်နိုင်ငံ ရွှေလီမြို့ကတဆင့် မြန်မာနိုင်ငံတွင်းကို သယ်ဆောင်လာတဲ့ စစ်ဘက်သုံး ကုန်တင် ထရပ်ကား အသစ်တွေ ဖြစ်ပါတယ်။ ပထမအသုတ် အနေနဲ့ ဇူလိုင်လ ၂ ရက်နေ့က ကားအစီး ၁၂ဝ မြန်မာနိုင်ငံဘက်ကို မောင်းသွင်းလာပြီးနောက် ဇူလိုင်လ ၇ ရက်နေ့မှာ ကားအစီး ၃ဝ ကျော် မြန်မာနိုင်ငံတွင်းကို ဝင်ရောက်သွားတာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။

“ပထမ အသုတ်က တရုတ်-မြန်မာ ဈေးပွဲတော်လုပ်တဲ့ နေရာမှာ ရပ်တယ်။ တံတားထိပ် ဦးခင်မောင်ရင်ရဲ့ ဝင်းထဲမှာ ရပ်ထားတယ်။ အဲဒါက ၁ ရက်နေ့မှာ စုစည်းထားပြီး ၂ ရက်နေ့မှာ ဆင်းသွားတယ်။ နောက် ၇ ရက်နေ့ညမှာ ကားအစီး ၃ဝ ကျော် တောက်လျှောက် ရွှေလီကလာပြီး တန်းစီပြီးတော့ အဲဒီညတွင်းချင်း ထွက်သွားတယ်။ မနေ့က ၈ ရက်နေ့ ဆင်းသွားတယ်၊ လမ်းမှာ ဗုံးခွဲခံရတယ်”

မိုင်းနင်းမိတဲ့ နေရာဟာ မူဆယ်မြို့အလွန် မိုင်၂ဝ ခန့်မှာရှိတဲ့ (၁ဝ၅) မိုင် ဂိတ်စခန်းအနီး မော်တောင်းနဲ့ နမ့်ဖတ်ကာရွာ အကြားမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး KIO အဖွဲ့ကို မေးမြန်းရာမှာ KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်းက ဒီသတင်းကို ကြားသိကြောင်း ပြောဆိုပေမယ့် KIA တပ်သားတွေ မိုင်းခွဲတာ ဟုတ်မဟုတ် သတင်းမရသေးဘူးလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။