စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာလဆန်းမှာ အရပ်သား ၁၂ ဦး သေဆုံး
2024.12.04

[Update: 1: 58 PM, Dec 4, 2024]
တိုင်းနဲ့ ပြည်နယ်ငါးခုမှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၁ ဦးထက်မနည်း ဒဏ်ရာရသွားတယ် ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ လေးဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနဲ့ ဆီဆိုင်မြို့နယ်မှာ သုံးဦး၊ စစ်ကိုင်းတိုင်း ကလေး၀မြို့နယ်မှာ သုံးဦး၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ တစ်ဦးနဲ့ ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ တစ်ဦး သေဆုံးခဲ့တာပါ။
ဒီဇင်ဘာလ ၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း ကလေး၀မြို့နယ် မထုကြီးနဲ့ မထုလေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ စိုက်ပျိုးရေး လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသား သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာတော့ နဘဲမြစ်ရွာနဲ့ ကွမ်းအုံရွာကို ဒီဇင်ဘာလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး နောက်ထပ် ငါးဦး ဒဏ်ရာရခဲ့တာပါ။
ကွမ်းအုံရွာက လေကြောင်းတိုက်ခိုက်မှုမှာ ဒေသခံတွေ နေအိမ်ထဲက ထွက်ပြေးချိန် ဗုံးစထိမှန် သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နွားထိုးကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လေကြောင်းကနေ ဗုံးကြဲတာကိုသိလို့ အိမ်ထဲကနေ ထွက်ပြေးတာ။ ဗုံးသီးက အိမ်နားမှာကျပြီးပေါက်တော့ အဲဒီဗုံးစတွေက သူတို့ကို သွားထိတာ။ ကလေးက ဦးခေါင်းပါမလာတော့ဘူး။ ပွဲချင်းပြီး သေသွားတာ။ အမျိုးသမီးကတော့ ဗုံးထိပြီး ခဏအကြာမှာ သေဆုံးတယ်”
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာတော့ နောင်ရင်းတုံရွာမှာတော့ ဒီဇင်ဘာလ ၂ ရက်နေ့က မိသားစုတစ်စု စိုက်ပျိုးရေး လုပ်ငန်းခွင်ဝင်နေချိန် စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) တို့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် မိခင်နဲ့ ကလေး သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီ့အပြင် ဒီဇင်ဘာလ ၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်အခြမ်းက ဆိုင်ခွန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်တာကြောင့် အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေး တစ်ဦး သေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရတယ်သွားလို့ ဆိုပါတယ်။
ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဆီဆုံကုန်းရွာမှာတော့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး နှစ်နှစ်အရွယ် ယောက်ကျားလေး တစ်ဦးနဲ့ အမျိုသမီး ခုနစ်ဦး စုစုပေါင်း ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီဇင်ဘာလ ၃ ရက် မနေ့ကလည်း မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ တောင်ခင်ရန်းရွာက အသက် ၇၀ အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကလေး တောင်ပိုင်းနယ်က ရွာတွေကနေ ဂန့်ဂေါဘက်ကို လာပေါင်းတဲ့ စစ်ကြောင်းကနေ ပစ်တာပါ။ အင်အားက နှစ်ရာကျော်တယ်၊ တောင်ခင်ရန်းရွာက ဒေသခံတွေက ပြေးကြပြီ။ ထိတဲ့သူကလည်း ရွာထဲ မပြေးနိုင်လို့ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အို တစ်ဦးပါ”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လအတွင်းမှာလည်း အရပ်သား ရှစ်ဆယ်သေဆုံးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
(မှတ်ချက် - ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်နှင့် ပဲခူးတိုင်း နတ်တလင်းမြို့နယ်တို့မှ ထိခိုက်သေဆုံးမှုများကို ထပ်မံဖြည့်စွက်ထားပါသည်။)