ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်
2011.06.24
ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးတဦး ဖြစ်တဲ့ ဂျပန် ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ် Makiko Kikuta ဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် မြန်မာအစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံကို ငွေကြေး အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးမယ့် အကြောင်း ဂျပန် နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောပါတယ်။
အခု ခရီးစဉ်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုတဲ့ မြန်မာအစိုးရသစ်နဲ့ ဂျပန် အစိုးရအကြား ဆက်ဆံရေး အသစ် ထူထောင်ဖို့အတွက် ပထမခြေလှမ်း ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန် လွှတ်တော်အမတ် Miss Kikuta က ပြောပါတယ်။ ဒါ့ပြင် Miss Kikuta ဟာ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ အတွင်း ဂျပန်သတင်းထောက် ခန်းဂျီ နာဂါ့အိ သေဆုံးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်း ဖော်ထုတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုမယ်လို့လည်း ပြောပါတယ်။
မြန်မာစစ်အစိုးရက ၂ဝဝ၃ ခုနှစ် မေ ၃ဝ ဒီပဲယင်း အကြမ်းဖက်မှုအပြီး ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီးနောက် ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ စီးပွားရေး အကူအညီတွေ ရပ်ဆိုင်းထားခဲ့တာပါ။
Miss Kikuta ဟာ ပြီးခဲ့တဲ့ ၉ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံတဲ့ အဆင့်မြင့်ဆုံး ဂျပန် အရာရှိတဦးလည်း ဖြစ်ပါတယ်။