အာဆီယံရဲ့ မြန်မာဆိုင်ရာအထူးသံတမန်အရေး ဂျပန်ထောက်ခံကူညီမည်
အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံကို အထူးသံတမန် စေလွှတ်တဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဂျပန်က ပံ့ပိုးကူညီသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က ပြောလိုက်တဲ့အကြောင်း VNA ဗီယက်နမ်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဇွန်လ ၂၈ ရက်နေ့က တွေ့ဆုံတုန်းက ပြောဆိုခဲ့တာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်ပြီးလုပ်သွားမယ်လို့လည်း ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတို့အကြား သဘောတူ ခဲ့ကြပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းက အာဆီယံခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံမှာ အစည်းအဝေးတခု ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကို အာဆီယံရဲ့ အထူးသံတမန် စေလွှတ်ဖို့၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အားလုံး ချက်ခြင်းရပ်တန့်ဖို့ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက်ကို အာဆီယံအသင်းက ချမှတ်ခဲ့ပါတယ်။
အာဆီယံရဲ့ကိုယ်စားလှယ်နှစ်ဦးလည်း မြန်မာနိုင်ငံကို ဒီလဆန်းပိုင်းမှာ ရောက်လာခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။