စုံစမ်းရေး ကော်မရှင်ရဲ့ ဖိတ်ခေါ်မှု အဖမ်းခံကျောင်းသားများ ငြင်းပယ်
2015.03.22

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့အကြမ်းဖက်မှုမှာ ရိုက်နှက် ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ငါး ဦးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က သုံး ဦး စုစုပေါင်း ရှစ် ဦးက စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ပါတယ်။
ဆန္ဒပြသူတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက စစ်ဆေး မေးမြန်းမှာဖြစ်တဲ့အတွက် ကော် မရှင်ရဲ့ ခေါ်ယူစစ်ဆေးမှုကို ငြင်းလိုက် တာဖြစ်တယ် လို့ ခေါ်ယူခံရတဲ့ ပထမနှစ် ကျောင်းသား ကိုပြည့်ဇော် ထက်ကပြောပါတယ်။
"ပြည်ထဲရေးပါတဲ့ကိစ္စမှာ ပြည်ထဲရေးကပြန်စစ်မယ် ဆိုတာ ကျနော်တို့ လုံးဝလက်မခံနိုင်တဲ့ကိစ္စပါ၊ ကျနော်တို့လိုချင်တဲ့ ကိုယ်စားပြုမှုမရလို့ ကျနော်တို့ လုံးဝ သွားမတွေ့တာ"
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း၊ မနုနုအောင်၊ ကိုမျိုးသန့်၊ ကျောင်းသား ကျောင်းသူတွေဖြစ်တဲ့ ကိုပြည့်ဇော်ထက်၊ ကိုဇင်မင်းဖြိုး၊ ကိုဇော်လင်းထွဋ်၊ ကိုဟိန်းထက်အောင် နဲ့ မတင်မေသော်တို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို ဒီနေ့ လာရောက်ပြီး စစ်ဆေးမေးမြန်းခံဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင် က ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။
အဲဒီ ရှစ် ဦးဟာ အခုလ ၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ လက်ပံတန်းမြို့ကျောင်းသားသပိတ်စစ်ကြောင်း ကို အကြမ်းမဖက်ဖို့ ဆန္ဒပြတောင်းဆို ရာမှာ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ လက်ပတ်နီဝတ်ထားသူတွေရဲ့ ရိုက်နှက် ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။
အဲဒီဆန္ဒပြမှုကို အကြမ်းဖက်ခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် ပြည်ထောင်စုအစိုးရက ဒီလ ၁၀ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကော်မရှင်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဥက္ကဌ အဖြစ်တာဝန်ယူထားပြီး အတွင်းရေးမှူးအဖြစ် ကရင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်နဲ့ အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၅ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
အဲဒီကော်မရှင်က တွေ့ရှိချက်အစီရင်ခံစာကို ဒီလ ၃၁ရက်နေ့မှာ နိုင်ငံတော်သမ္မတထံ တင်ရမှာဖြစ်ပါတယ်။