ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ICC စတင်စစ်ဆေး

2025.03.15
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ICC စတင်စစ်ဆေး ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) တရားသူကြီးများမှ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပထမဆုံးအကြိမ် အွန်လိုင်းကနေတစ်ဆင့် စတင်မေးမြန်းစစ်ဆေးစဥ်။
ICC

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်ဆိုတဲ့စွဲချက်နဲ့ မနီလာမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မတ် ၁၄ ရက်နေ့က နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ တရားသူကြီးတွေက ပထမဆုံးအကြိမ် ဗီဒီယိုနဲ့ စတင်မေးမြန်းစစ်ဆေးခဲ့ပါတယ်။

အသက် ၇၉ နှစ်အရွယ် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက တရားသူကြီးတွေ စစ်ဆေးတာကို ICC ထိန်းသိမ်းရေးစင်တာကနေ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ တက်ရောက်ခဲ့တာပါ။ စွဲချက်တင်စစ်ဆေးကြားနာတာကို လာမဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ဆက်လက် လုပ်ဆောင်မယ်လို့ ICC က ကြေညာပါတယ်။ စွဲချက်တင်စစ်ဆေးတဲ့ ရည်ရွယ်ချက်က စွပ်စွဲခံရသူဟာ စွပ်စွဲချက်ထဲမှာပါတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာ ရှိ၊ မရှိ သေချာအောင် အတည်ပြုဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စွဲချက်အားလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို အတည်ပြုနိုင်မယ်ဆိုရင် အမှုကို ဆက်လက်ဆောင်ရွက်ဖို့ ICC ရဲ့ တရားစွဲဆိုချက်ရုံးကို လွှဲပြောင်းမှာဖြစ်ပြီး တရားရုံးက နောက်ဆက်တွဲအဆင့် ရုံးချိန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ICC ရဲ့ မတ် ၁၄ ရက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သမ္မတဟောင်း ဒူတာတေးဟာ ဒါဗိုစ်မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့စဥ်နဲ့ သမ္မတအဖြစ် တာဝန်ယူခဲ့စဥ်က မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်တွေမှာ သံသယရှိသူတွေကို တရားစီရင်စစ်ဆေးတာမရှိဘဲ သတ်ဖြတ်ခဲ့တာကြောင့် အဲဒီလုပ်ရပ်ဟာ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှုအဖြစ် ၂၀၁၈ ခုနှစ်ကတည်းက ICC က စုံစမ်းစစ်ဆေးပြီး ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။

သူ့ကို ၂၀၂၅ ခုနှစ် မတ် ၁၁ ရက်နေ့က ဟောင်ကောင်ကနေအပြန် မနီလာမြို့လေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒူတာတေးလိုပဲ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ICC ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ထားပါတယ်။ ဒါ့အပြင် ICC ရှေ့နေချုပ်ကာရင် အာဆက်အာမက်ခန်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC တရားရုံးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်က လျှောက်ထားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။