ကိုပါကြီးအမှု ချောင်ထိုးမထား ဖို့ နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့တောင်းဆို


2016.04.04
kopargyi-620.jpg အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ပုံ
Photo: Par Gyi Facebook

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ သတင်းထောက်တစ်ဦး ကို စစ်တပ်က ထိန်းသိမ်းထားစဉ်အတွင်း ပစ်သတ်ခံခဲ့ရတဲ့အမှုကို ချောင်ထိုး မထားဖို့ IPT ခေါ် နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ကိုပါကြီးလို့ လူသိများတဲ့ သတင်းထောက် ကိုအောင်ကျော်နိုင် ဟာ ထိုင်း၊ မြန်မာ နယ်စပ်မှာ အစိုးရတပ်နဲ့ DKBA ကရင် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းကိုယူပြီး အပြန်မှာ အစိုးရတပ်က ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို သူပုန်နဲ့ဆက်သွယ်တယ် ဆိုတဲ့ စွဲချက်နဲ့ ထိန်းသိမ်းထားရာမှာ အောက်တို ဘာလအတွင်း ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ အစောင့်ရဲဘော်ဆီက သေနတ်ကို လုယူထွက်ပြေးဖို့ အားထုတ်စဉ် အတွင်း ကျည်ဆန်ထိမှန်သေဆုံးသွားခဲ့ တာ ဖြစ်ကြောင်း စစ်တပ်အရာရှိတွေက ပြောဆိုပါတယ်။

ဒါပေမဲ့ ကိုပါကြီးရဲ့အလောင်းကို ဖေါ်ယူစစ်ဆေးတဲ့အခါ သေနတ်ဒဏ်ရာ ငါးချက်၊ ဦးခွံရိုးအက်ကွဲနေပြီး၊ နံရိုးတွေနဲ့ လက်တွေကျိုးနေတာတွေ့ရှိခဲ့ရလို့ စစ်တပ်ရဲ့ ပြောဆိုချက်အပေါ် သူ့ရဲ့ ဇနီးအပါအဝင်၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက သံသယဖြစ်နေကြပါတယ်။

၂၀၁၄ နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ခုံရုံးက အမှုမှာပါဝင်ပတ်သက်သူ စစ်သား နှစ်ယောက်ကို တိတ်တဆိတ် ပြန် လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စကို ကျိုက်မရော မြို့နယ်တရားရုံးက အရပ်ဘက်ဆိုင်ရာ စစ်ဆေးမှုတွေဆောင် ရွက်ဖို့ အမိန့်ထုတ်တော့မှ သိရှိခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း ဒီနှစ် ၂၀၁၆ မတ်လ ၂၁ရက်နေ့က ကျိုက်မရော ရဲစခန်းက ဒီအမှုနဲ့ ပတ်သက်ပြီး တရားရုံးဆုံးဖြတ်ချက်အရ စုံစမ်းစစ်ဆေးမှုတွေ ရပ်ဆိုင်းလိုက်ပြီ လို့ ကြေညာခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှ သတင်းထောက်များအဖွဲ့က ပြန်ကြားရေးဝန်ကြီးသစ် ဒေါက်တာ ဖေမြင့် ကို မေးမြန်းရာမှာ ဒီလုပ်ရပ်ဟာ လုံး၀ လက်ခံနိုင်စရာမရှိကြောင်း၊ ဒီအမှု တရားမျှတဖို့အတွက် ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ IPT ခေါ် နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့ရဲ့ ကြေညာချက်မှာဖေါ်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။