၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေကို ပြင်ဆင်ဖို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ က အစိုးရကို တောင်းဆိုလိုက်ပါတယ်။
တပ်မတော်သားတွေက အရပ်သားပြည်သူတွေအပေါ် ဆိုးရွားတဲ့ ပြစ်မှုကျူးလွန်တာတွေကို အရပ်ဖက်တရားရုံးတွေမှာ စစ်ဆေးအရေးယူနိုင်ဖို့ ၁၉၅၉ တပ်မတော်အက်ဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေအတိုင်း ဖြစ်အောင်ပြင်ဆင်ဖို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ က တောင်းဆိုလိုက်တာပါ။
တပ်မတော်သားတွေရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေမှာ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေကို အသုံးချပြီး တပ်မတော် စစ်ခုံရုံးမှာသာ စစ်ဆေးစီရင်ချက်ချနေတာဟာ တပ်မတော်သားတွေကို ပြစ်ဒဏ်ကင်းလွှတ်ခွင့်ပေးနေသလို ဖြစ်နေကြောင်းလည်း ICJ က ထောက်ပြထားပါတယ်။
အဲဒီဥပဒေကို ပြင်ဆင်နိုင်ဖို့ ဆိုရင် လက်ရှိအချိန်မှာ အခွင့်အာဏာရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမှာ တာဝန်ရှိကြောင်းလည်း ပြောထားပါတယ်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က သူ့ရဲ့ တသီးပုဂ္ဂလအမြင်ကို အခုလို ပြောပါတယ်။
"ကျနော်တစ်ဦးတည်း သဘောကတော့ ဒီဥပဒေက ပြင်ဆင်သင့်တယ်၊ ဒါသေချာတယ်၊ ဒါတွေက လုပ်သင့်တယ်လို့ထင်တယ်၊ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က စောစောက ပြောသလိုပဲဗျာ၊ ဒီထက်ကြီးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတောင်မှ ပြင်ဖို့ကြိုးစားနေတာပဲ၊ ဒီကိစ္စကိုလည်း ပြင်ဖို့လိုအပ်မယ်လို့ ကျွန်တော်က ယူဆပါတယ်"
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ၁၉၅၉ တပ်မတော် အက်ဥပဒေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ရေးဆွဲထားတာဖြစ်ကြောင်း ပြောပါတယ်။
"၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေဆိုတာက ဒီဥပဒေတွေသည် ကျွန်တော်တို့က နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်၊ ဒီဥပဒေသည် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စစ်ဘက်တရားရုံးတွေ စစ်သားတွေလိုက်နာရတဲ့ ဥပဒေတွေထက် မနိမ့်ဘူးဆိုတာ ပြောချင်တယ်"
ICJ အဖွဲ့က ပြောဆိုချက်တွေထဲမှာ အထူးသဖြင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အလွတ်သတင်းထောက် ကိုပါကြီး ၂၀၁၄ ခုနှစ်က အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် စစ်ခုံရုံးမှာ စစ်ဆေးခဲ့ရာ သက်ဆိုင်ရာ တပ်မတော်သားအားလုံး အမှုကနေ တရားသေ လွတ်မြောက်သွားခဲ့ကြောင်းလည်း ထောက်ပြထားပါတယ်။
လွတ်မြောက်နေတဲ့ ပြစ်မှုကျူးလွန်သူတွေ အရေးယူပေးဖို့ ကျိုက်မရောမြို့နယ် တရားရုံးမှာ သေမှုသေခင်းဖွင့်စစ်ဆေးပေးဖို့ လျောက်ထားမှုကိုလည်း ပယ်ချခံခဲ့ရတဲ့အပြင် မြန်မာအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အများပြည်သူ သိမြင်နိုင်အောင် တရားစီရင်သင့်ကြောင်း အကြံပြုချက်ကိုလည်း လျစ်လျူရှုခံခဲ့ရတယ်လို့ ဝေဖန်ထားပါတယ်။
တပ်မတော်နဲ့ DKBA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းကို သတင်းရယူရင်း အလွတ်သတင်းထောက် ကိုပါကြီးဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ဖမ်းဆီးခံရပြီးနောက် အောက်တိုဘာလ ၄ ရက်နေ့မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ရာမှာ ကိုပါကြီးက တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးဆီကနေ သေနတ်လုယူဖို့ကြိုးစားခဲ့တာကြောင့် ပစ်ခတ်တားဆီးရာမှာ သေဆုံးခဲ့တာဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ကိုပါကြီးရဲ့အမှုကို အရပ်ဖက်တရားရုံးမှာ စစ်ဆေးခွင့်ပေးဖို့ မိသားစုဝင်တွေ နိုင်ငံတော် သမ္မတရုံးနဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတွေကို စာပေးပို့တောင်းဆိုတာတွေရှိခဲ့ပေမယ့် ဒီနေ့အထိ တစ်စုံတစ်ရာအကြောင်း ပြန်တာမရှိသေးကြောင်း ကိုပါကြီးအမှုကို ရှေ့နေအဖြစ်လိုက်ဖို့ စီစဉ်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"ကျနော်သိသလောက်ကတော့ ဘာမှအကြောင်း ပြန်ကြားထားမှု မရှိပါဘူး၊ စာချွန်တော်အမှုလည်း တင်သွင်းခဲ့တာပဲ၊ စာချွန်တော်ရုံးကလည်း အဲဒါကို လက်မခံပါဘူး၊ ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့ကနေ ကျိုက်မရောမြို့နယ် တရားစီရင်ရေးရဲ့ ဆုံးဖြတ်ချက်အရ လူသတ်မှုဖွင့်ပေမယ့်လို့ ဥပဒေအကြံပေး အဆင့်ဆင့်နဲ့ ပိတ်သိမ်းခဲ့တာပါ၊ အဲ့လိုပိတ်သိမ်းတဲ့အမှုကို စာချွန်တော်နဲ့ ထုတ်ပေးပါလို့ ကျွန်တော်တို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တက်တာပါ၊ ဒါပေမဲ့လို့ ကျွန်တော်တို့က အောင်မြင်မှု မရခဲ့ပါဘူး"
ဒီနေ့ဆိုရင် ကိုပါကြီး အသတ်ခံရတာ ငါးနှစ်ရှိပြီဖြစ်တာကြောင့် အစိုးရအနေနဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်ဆောင်ရွက်သင့်ပြီဖြစ်ကြောင်းလည်း ICJ ဥပဒေ အကြံပေး ရှောင်ဘိန်းက ဒီနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။
ဒါ့အပြင် တပ်မတော်က အရပ်သားတွေကို ရာဇဝတ်မှုကျူးလွန်တာတွေမှာ အရပ်ဖက်တရားရုံးကနေ တပ်မတော် စစ်ခုံရုံးကို လွဲပြောင်းစစ်ဆေးနိုင်အောင် ၁၉၅၉ တပ်မတော် အက်ဥပဒေပါ ပြဌာန်းချက်တချို့ကိုလည်း သုံးစွဲနေကြောင်းလည်း ပြောထားပါတယ်။
ဥပမာအနေနဲ့ ၂၀၁၇ ခုနှစ်က အင်းဒင်ကျေးရွာမှာ ရွာသား ၁၀ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စမှာလည်း ပြစ်ဒဏ်ချ အရေးယူခံရတဲ့ တပ်မတော်သားတွေကို စောစီးစွာ လွှတ်ပေးခဲ့ရာမှာလည်း အဲဒီဥပဒေအရ ဆောင်ရွက်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောဆိုခဲ့ကြောင်း ထောက်ပြထားပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကို စစ်ဘက်ဥပဒေတွေအပြင် အရပ်သားဥပဒေတွေနဲ့ပါ အရေးယူဆောင်ရွက်နေကြောင်း ပြောပါတယ်။
"တပ်မတော်သားတစ်ယောက် အရေးယူမှု ခံရပြီဆိုရင် စစ်ဘက်ဥပဒေနဲ့သာ အရေးယူခံရတာ မဟုတ်ဘူး၊ နယ်ဘက်ဥပဒေနဲ့ပါ အရေးယူခံရတာဖြစ်တယ်၊ အဲ့မှာ ကျွန်တော် ပြောလိုတာက ရခိုင်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ အရေးယူတဲ့ဟာတွေသည် စစ်ဘက်ဥပဒေနဲ့ အရေးယူတဲ့အပြင် အရပ်ဘက်ဥပဒေနဲ့ပါ အရေးယူခဲ့တာတွေရှိတယ်ဆိုတာ သတိချပ်စေချင်တယ်"
ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကို အရပ်သား ဥပဒေတွေနဲ့ပါ အရေးယူဆောင်ရွက်နေကြောင်း တပ်မတော်ရဲ့ ပြောဆိုချက်ဟာ တချို့ကိစ္စတွေမှာသာမှန်ပြီး အများစုမှာ အရပ်ဖက်တရားရုံးမှာ စစ်ဆေးတာကိုမတွေ့ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က အခုလို တုံ့ပြန်ပြောဆိုပါတယ်။
"အချို့သောကိစ္စတွေမှာသာလုပ်တာ ဒါပေမဲ့ ကိုပါကြီးကိစ္စမှာတော့ မလုပ်ခဲ့ဘူးဗျာ၊ အင်မတန်မှကို ထင်ရှားပေါ်လွင်တဲ့ကိစ္စမှာ မလုပ်ခဲ့ဘူး၊ ဒါက ပြည်သူတွေကြားမှာ ပြောတာများလာတဲ့နောက်ပိုင်းမှာတော့ အခုလို တချို့ဟာလေးတွေဖြစ်လာတာပါ"
ကိုပါကြီးကိစ္စနဲ့ ပတ်သက်ပြီး ကျိုက်မရောမြို့နယ် ရဲစခန်းမှာ သေမှုသေခင်းဖွင့်လှစ်ထားတဲ့ အမှုကိုလည်း ၂၀၁၆ ခုနှစ် မတ်လမှာ ရဲတပ်ဖွဲ့က အမှုကို ပိတ်သိမ်းခဲ့ပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)