ကိုပါကြီး သေမှုသေခင်း နဲ့ သေဆုံးခဲ့ရတာဖြစ်ကြောင်း တရားရုံးအမိန့်ချ
2015.06.23

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်က ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ သေမှုသေခင်းနဲ့ သေဆုံးခဲ့တာဖြစ်ကြောင်း ကျိုက်မရောမြို့နယ် တရားရုံးက အမိန့်ချလိုက်ပါတယ်။
ကိုပါကြီးကို တစ်စုံတစ်ဦးက သေဆုံးအောင်ပြုလုပ်ခဲ့တာလို့ တရားရုံးက အမိန့်ချလိုက်တာဖြစ်ကြောင်း ကိုပါကြီးရဲ့ဇနီးဖြစ်သူ မသန္တာက ပြောပါတယ်။
"အမိန့်ချတာကတော့ တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် သေနတ်ဒဏ်ရာနဲ့ သေဆုံးတာ မှန်တယ်ဆိုတာ အမိန့်ချလိုက်တာပါ၊ သေမှုသေခင်းအထိကတော့ အမိန့်ချတဲ့အထိကတော့ ပုံစံသိပ်မပြောင်းဘူးပေါ့၊ တကယ့်တကယ်ဆို သေမှုသေခင်းမှာ Criminal Case အဖြစ် ရာဇဝတ်မှုကြောင်းအရ ထပ်စွဲမယ်ဆိုလို့ရှိရင် သူက ဦးဆောင်ပြီးစွဲရမှာ၊ ကျမက ဒုတိယတရားလိုပဲ၊ ခုတရားလိုလုပ်တဲ့ ကျိုက်မရောရဲစခန်းမှူးက ထပ်စွဲရမှာ"
ကိုပါကြီးဇနီး မသန္တာအပါအဝင် အရပ်ဘက်သက်သေတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း ၂၁၀ ကအရာရှိတွေ၊ တပ်သားတွေအပါအဝင် သက်သေ ၃၀ကျော်ကို စစ်ဆေးပြီး အခုလိုအမိန့်ချလိုက်တာလို့ သိရပါတယ်။ လက်ရှိမှာ ဘယ်သူက ကိုပါကြီးကို သတ်တယ်ဆိုတဲ့အဆင့် မရောက်သေးဘဲ သေဆုံးပုံကိုသာ အမိန့်ချတာဖြစ်ပါတယ်။
ကိုပါကြီးသေဆုံးတဲ့အမှုကို အဓိကတရားလိုဖြစ်တဲ့ ကျိုက်မရောက်မြိုနယ် ရဲစခန်းမှူးက ထပ်မံတရားစွဲရမှာဖြစ် တယ်လို့လည်း သိရပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီးကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က အမှတ် ၂၁၀ ခြေမြန်တပ်ရင်းက ဖမ်းဆီးခံတာဖြစ်ပြီး တပ်မတော်က ဖမ်းဆီးထားစဉ် အောက်တိုဘာလ ၄ ရက်နေ့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆက်နွယ်သူလို့ယူဆရသူ လုံခြုံရေးစစ်သား ၂ ဦးကို စစ်ဘက်တရားရုံးက တရားသေလွှတ်ပေးလိုက်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန် ထားပါတယ်။