ကိုပါကြီးသေဆုံးမှု ဇနီးသည်ကို တရားရုံးစစ်ဆေး
2015.05.11

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်က ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးခဲ့ရတဲ့ အလွတ် သတင်းထောက် ကိုပါကြီးရဲ့အမှုကို ကျိုက်မရောမြို့နယ် တရားရုံးမှာ ဇနီးဖြစ်သူ မသန္တာကို သက်သေအဖြစ် ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူ ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး ထွက်ဆိုခဲ့တဲ့ အခြေအနေတွေကို မသန္တာက အခုလို ပြောပါတယ်။
"သေမှုသေခင်းက အမကိုယ်တိုင်ဖွင့်ခဲ့တာ ဒါပေမဲ့ ရဲကတရားလို၊ အမကသက်သေ၊ ထူးထူးခြားခြား အမကိုမေးတာမရှိဘူး၊ ကိုပါကြီး ပျောက်ဆုံးစဉ် ကာလကတည်းက အမကိုယ်တိုင်လုပ်လာတဲ့ အရာတွေ အမကိုယ်တိုင်မြင်တွေ့လာတဲ့အရာတွေ အမကိုယ်တိုင်ကြားလာတဲ့အရာတွေကို သက်သေ အနေနဲ့ တရားရုံး နောက်ဆုံးဒီနေရာမှာလာပြီး ထွက်ဆိုချက်ပေးတဲ့အချိန်အထိ အမတောက်လျှောက် သိလာတဲ့အကြောင်းရာတွေကို သူတို့စစ်တာ"
ကိုပါကြီးသေဆုံးမှု ပတ်သက်ပြီး တရားခံနှစ်ဦးကို စစ်ဖက်တရားရုံးက တရားသေလွှတ်ပေးလိုက်တဲ့အတွက် ဇနီးဖြစ်သူ မသန္တာက ကာကွယ်ရေးဦးစီးချုပ်ထံ ကန့်ကွက်စာတင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကလည်း စစ်ဖက်တရားရုံးက အရပ်ဘက်တရားရုံးကို လွှမ်းမိုးနေတယ်လို့ ပြောဆိုထားပါတယ်။
ဒီနေ့ရုံးတင်စစ်ဆေးရာမှာ ကိုပါကြီးဇနီး အပါအဝင် ရွာသား ၄ ဦးကို သက်သေအဖြစ်စစ်ဆေးဖို့ ချိန်းဆိုထားပေမယ့် ကိုပါကြီးဇနီးတစ်ယောက်ထဲကိုသာ စစ်ဆေးခဲ့ရပြီး ကျန်တဲ့ရွာသားတွေကို မေလ ၂၅ ရက်နေ့မှာထွက်ဆိုပေးဖို့ ချိန်းဆိုလိုက်ပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီးကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က အမှတ် ၂၁၀ ခြေမြန်တပ်ရင်းက ဖမ်းဆီးခံတာဖြစ်ပြီး တပ်မတော်က ဖမ်းဆီးထားစဉ် အောက်တိုဘာလ ၄ ရက်နေ့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ တရားခံစစ်သည်တွေကို စစ်ဘက်တရားရုံးက တရားသေလွှတ်ပေးလိုက်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးရောဘတ်စန်းအောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။