ကိုပါကြီးအမှုစစ်ဆေးဖို့ လူ့အခွင့်ရေးကော်မရှင် တောင်းဆို


2015.05.11
kopargyi-mandalay-305 အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ မန္တလေးမြို့ခံတွေ အောက်တိုဘာလ ၂၇ ရက်နေ့က ဆန္ဒဖော်ထုတ်စဉ်
Photo: Hset Paing Toe/RFA

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က မနှစ်က ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ထားတဲ့ အတိုင်း အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်နိုင် သေဆုံးမှုကို မွန်ပြည်နယ် ကျိုက်မရော မြို့နယ် တရားရုံးမှာ လက်ခံစစ်ဆေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က မနေ့က တောင်းဆို လိုက်ပါတယ်။

အရပ်ဘက် တရားရုံးမှာ သေမှုသေခင်းကို စစ်ဆေးနေ ချိန်မှာပဲ ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သား နှစ်ဦးကို အကျဉ်းစစ်တရားရုံးချုပ်က တရားသေပြန်လွှတ်လိုက်တဲ့ သတင်းထွက်ပေါ်လာပြီးနောက် အဲ့ဒီလိုတောင်းဆို ရတာလို့ AHRC ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

"မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ စာထဲမှာ က နယ်ဘက်တရားရုံးမှာ အများထင်သာမြင် သာဖြစ်အောင် စစ်ဆေးစီရင်သင့်တယ်ဆိုတဲ့ အကြံပြုချက်ပါတယ်၊ အဲ့ဒါကြောင့် ကျနော်တို့ကလည်း ဒီနယ် ဘက်တရားရုံးမှာ ဒီအမှုကို စစ်ဆေးစီရင်ဖို့တောင်းဆိုတယ်"

အမှတ် ၂၁ဝ ခြေမြန်တပ်ရင်းက အစောင့်စစ်သည်နှစ်ဦးဖြစ်တဲ့ ဒုတပ်ကြပ် ကျော်ကျော်အောင်နဲ့ တပ်သားနိုင်လင်းထွန်းတို့ကို စစ်ဆေးပြီး စစ်ဘက်တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ အညီဆိုပြီး တရားသေလွှတ်လိုက်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က မေလ ၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တကယ်တော့ မုဒိန်းမှု၊ လူသတ်မှု၊ ဓားပြမှု၊ ဘဏ်စီးနင်းမှု၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုစတဲ့ ပြစ်မှု ကြီးတွေကို နယ်ဘက်တရားရုံးတွေမှာ စစ်ဆေးဖို့ တပ်မတော်နည်းဥပဒေမှာ အတိအလင်း ပြဌာန်းထားတယ်လို့ AHRC ကြေငြာချက်မှာပါရှိပါတယ်။

ဒါကြောင့် ကိုပါကြီးသေဆုံးမှုမှာ တာဝန်ရှိတဲ့ တပ်မတော်သားနှစ်ဦးကို ခုလိုတရားသေ လွှတ်လိုက်တာဟာ အလွန်မှားယွင်းတယ်လို့ ပြောပါတယ်။ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးနဲ့ ဥပဒေရဲ့အကာအကွယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားပါလျှက် တပ်မတော်ရဲ့ ဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန် ပြီး လူသတ်တရားခံကို အကာအကွယ် ပေးထားတာ တွေ့ရတဲ့အကြောင်းလည်း AHRC က ထောက်ပြပါတယ်။

ကိုပါကြီးသေမှုသေခင်းနဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။