တော်လှန်ရေးအင်အားစုတွေ ဘုံညီညွတ်ရေးတည်ဆောက်ဖို့ NUG တိုက်တွန်း
2025.03.06

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ တော်လှန်ရေးအင်အားစုတွေအကြား ဘုံညီညွတ်ရေးတည်ဆောက်ဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၄ ရက်နေ့က ပြုလုပ်တဲ့ NUG အစည်းအဝေးမှာ ပြောပါတယ်။
အာဏာရှင်စနစ်တော်လှန်ရေးမှာ အဖွဲ့များစွာ ထွက်ပေါ်လာတာက အင်အားတစ်ရပ်ဖြစ်ပေမဲ့ အဖွဲ့တွေအားလုံး ဘုံညီညွတ်ရေးတည်ဆောက်ပြီး တစုတစည်း စုဖွဲ့နိုင်ရင် ပိုပြီး ခိုင်မာအားကောင်းလာမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
“အခု နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ဖြုတ်ချနိုင်ရေးကို ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်”
ချင်းပြည်ကောင်စီ (CC) နဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့အကြား ပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ဖို့ ခြေလှမ်းစတင်တာဟာ တခြားလူမျိုးစုတော်လှန်ရေးအဖွဲ့ တွေအတွက် ကနဦးစံပြ ဖြစ်လာတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်အဆက်ဆက် လူမျိုးစုညီညွတ်ရေးကို မလိုလားသလို တော်လှန်ရေးအင်အားစုတွေ အချင်းချင်းအကြား စုပေါင်းသွားမှာကိုလည်း မလိုလားတာကြောင့် ရန်သူဝမ်းသာအောင် မလုပ်သင့်တဲ့အကြောင်း ယာယီသမ္မတ က ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက NUG အနေနဲ့ တောင်တန်း၊ ပြည်မ ပေါင်းစည်းရေးအတွက် စည်းရုံးရေးတွေ လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။
“NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဆီသွားပြီး တော်လှန်ရေးအတွက် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ ချပြရမယ်။ နောက်ပြီး မြေပြန့်က ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း အလားတူပုံစံမျိုး တွေ့ဆုံပြီး မဟာမိတ်ဖွဲ့တာ၊ လက်နက်၊ ခဲယမ်းထောက်ပံ့တာတွေလုပ်ပြီး အပြန်အလှန် ကတိကဝတ်ပြုတာတွေလုပ်ဖို့ လိုပါတယ်”
ဘုံညီညွတ်ရေးတည်ဆောက်နိုင်ရင်တော့ အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့လို စစ်ရေးအောင်မြင်မှုရနိုင်မယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ NUG ဟာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့၊ K3C ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ မဟာမိတ်ဖွဲ့ထားပါတယ်။