အရေးပေါ်အခြေအနေ အဆုံးသတ်ဖို့ နိုင်ငံတကာ တောင်းဆို

စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အဓိပ္ပာယ်ရှိရှိ အကောင် အထည် ဖော်ဖို့နဲ့ အဖမ်ခံထားရသူအားလုံး ပြန်လွှတ်ပြီး အရေးပေါ်အခြေအနေကို အဆုံးသတ်ဖို့ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တွေ အပါအဝင် အနောက်နိုင်ငံ အများစုက ပူးတွဲတောင်းဆိုလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ (၁) ရက် ဒီနေ့မှာပဲ EU ရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အပါအဝင် အယ်လ်ဘေးနီးယား၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေ ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုတာပါ။
နိုင်ငံအနှံ့ ပဋိပက္ခတွေ ပျံ့နှံ့နေတာဟာ စစ်တပ်မှာ တာဝန်ရှိပြီး ပြည်သူ ၁၄ သန်းကျော် ဟာလည်း လူသားချင်း စာနာထောက်ထောက်မှု အကူအညီတွေ လိုအပ်နေတဲ့အပြင် စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ပါရှိပါတယ်။
အဲဒီအကျပ်အတည်းတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ နိုင်ငံရေးပါတီတွေ အားလုံးအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲလုပ်ကြဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြုသဘော ဆောင်တဲ့ ဆက်ဆံရေးလုပ်ပြီး အရေးပေါ်အခြေအနေ အမြန်ဆုံးအဆုံးသတ်ဖို့ စစ်ကောင်စီ ကို ထပ်ပြီးတောင်းဆိုတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပဋိပက္ခနဲ့ ကိုဗစ်ကပ်ဘေးအပါအဝင် လူသားချင်းစာနာရေး အကူအညီတွေ အတွက် နိုင်ငံတကာကို ဝင်ရောက်ခွင့်ပြုဖို့ နိုင်ငံခြားသားတွေအပါအဝင် မတရား ဖမ်းဆီးခံရသူတွေအားလုံးကို လွှတ်ပေးဖို့နဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ပို့ဖို့လည်း တောင်းဆိုတယ်လို့ ရေးသားထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြရင်း အသက်သေဆုံးခဲ့သူတွေကို အမှတ်ရနေသလို ရိုဟင်ဂျာနဲ့ အခြားသော လူမျိုးစုအပေါ် စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးတွေက ဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူ လေးသိန်းကျော် နဲ့ မတရား အဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေအတွက်လည်း အလွန်စိုးရိမ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့လည်း စစ်ကောင်စီအပေါ် လက်နက်ပစ္စည်းအပါအဝင် စက်ကိရိယာ ပစ္စည်းတွေ၊ နည်းပညာ အကူအညီတွေပေးတာ ရပ်ဆိုင်းဖို့နဲ့ လူသားချင်း ကူညီမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ ဖြည့်ဆည်းပြီး မြန်မာပြည်သူတွေအတွက် တရားမျှတမှုမြှင့်တင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှု၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန် ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း အလေးအနက်ထား ကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ်အခြေအနေ ကြေညာခဲ့တာ တစ်နှစ်ပြည့်ဖို့ တစ်ရက်အလို ဇန်နဝါရီ ၃၁ ရက် မနေ့က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ယူပြီး နောက်ထပ် ခြောက်လ သက်တမ်းထပ်တိုးထားပါတယ်။