သြစတြေလျရောက် နောက်ထပ် မြန်မာ ၂ ဦး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံ
2011.08.01
သူတို့နှစ်ဦးဟာ ဗစ်တိုးရီးယားပြည်နယ်မှာ နေထိုင်သူတွေဖြစ်ပြီး တဦးက သြစတြေလျနိုင်ငံသား ဖြစ်ပြီး နောက်တဦးက ဒုက္ခသည်ဗီဇာနဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ဘရစ်စဘိန်းမြို့မှာ နေထိုင်တဲ့ ထူးထူးဟန်ဆိုသူရဲ့ လက်အောက်မှာ တာဝန် ထမ်းဆောင်ခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ထူးထူးဟန်ဆိုသူက ထောက်လှမ်းရေး အရာရှိဟောင်းအဖြစ် ရှစ်လေးလုံးကာလက ဆန္ဒပြသမား ၁ ရာလောက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ပြီးခဲ့တဲလအတွင်း ထုတ်ဖော် ပြောဆိုခဲ့အပြီး အခုလို နောက်ထပ် ၂ ဦးက ဝန်ခံ ပြောဆိုလိုက်တာပါ။
ဒီအတောအတွင်း ကိုထူးထူးဟန်နဲ့ တမြို့တည်း နေထိုင်သူ ကိုမူးဆာ ဆိုသူကလည်း ၁၉၈၄ ကနေ ၁၉၈၇ ခုနှစ်အတွင်း မော်လမြိုင်မြို့အနီး ဘုရားသုံးဆူဒေသမှာ တိုင်းရင်းသား ၅ဝ လောက်ကို အမိန့်ပေး သတ်ဖြတ်ရာမှာ တာဝန်ရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အခုလို ကိုထူးထူးဟန် အပါအဝင် ၄ ဦးက မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ဆက်တိုက်ဆိုသလို ထုတ်ဖော်ပြောဆိုလာမှုကို အတည်ပြုနိုင်ခြင်း မရှိပေမယ့် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ပေါ်ပေါက်ရေး ကြိုးပမ်းနေမှုတွေကို ထိခိုက်မှုရှိမှာ စိုးရိမ်ပူပန်ကြောင်း ဆစ်ဒနီမြို့အခြေစိုက် Burma Office မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ပြောပါတယ်။
အခုနောက်ဆုံး ဝန်ခံသူ ၂ ဦးထဲမှာ တဦးက ထောက်လှမ်းရေးမှာ တပ်ကြပ်ကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း၊ အသက် ၅၇ နှစ်အရွယ် ပုဂ္ဂိုလ်က သူ့ရဲ့နာမည်ကို “မောင်” လို့ အတိုကောက် ပေးထားပြီး နောက်တဦးကတော့ “ကိုစိုးအောင်” လို့ ပေးထားကြောင်း Sydney Morning Herald သတင်းစာက ဖော်ပြပါတယ်။
အခုလို မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ဖူးသူတွေလို့ ဝန်ခံပြောဆိုသူ ၄ ဦးစလုံးကို သြစတြေလျ အာဏာပိုင်တွေက လောလောဆယ်အထိ ခေါ်ယူစစ်ဆေးတာ မရှိသေးဘူးလို့ သိရပါတယ်။