စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှု အစီရင်ခံစာ Fortify Rights အဖွဲ့ ထုတ်ပြန်

2022.03.24
စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှု အစီရင်ခံစာ Fortify Rights အဖွဲ့ ထုတ်ပြန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မုံရွာမြိုမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်ကောင်စီတပ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးစဥ်
AFP Photo

နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ပထမခြောက်လအတွင်း အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ “လုံခြုံရာအရပ် ကင်းမဲ့နေခြင်း” လို့ အမည်ပေး ထားတဲ့ အစီရင်ခံစာတစ်စောင်ကို မတ်လ ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ လူပေါင်းများ စွာကို သတ်ဖြတ်တာ၊ ထောင်နဲ့ချီတဲ့လူတွေကို အကျဉ်းချ စနစ်တကျညှဉ်းဆဲပြီး နိုင်ငံရေးပြိုင်ဘက်တွေကို ကွပ်မျက်ခဲ့တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) ကနေ အရေးယူတာအပါအဝင် လက်နက်ရောင်းချမှု ပိတ်ပင်တာနဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်တာတွေလုပ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

ရန်ကုန်မြို့မှာ ဆန္ဒပြနေရင်း စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တဲ့ အသက် ၂၀ အရွယ် ကိုဖြိုးက စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ဒေါက်တိုင်တွေကို အမြန်ဆုံးအရေးယူပေးဖို့ တောင်းဆိုပါတယ်။

"သူတို့ကို အရေးယူတာဆိုရင် အဲဒီကောင်တွေနဲ့ ပတ်သက်တဲ့ဒေါက်တိုင်တွေ အကုန်လုံး ကို အမြန်ဆုံး အရေးယူလေ ပိုကောင်းလေပဲ။ ကျနော် စိတ်တိုင်းအရဆိုရင်တော့ အဲဒီ ကောင်တွေနဲ့ ပတ်သက်တဲ့ ခြေထောက်တွေကိုပဲ ကျနော် ဖြတ်ထားချင်တာ။ အခု လက်ရှိမှာ ကျနော် နေထိုင်နေရတဲ့ ဘဝက အဆင်မပြေတော့ဘူး။ ကျနော့်ကို ကျနော်သိ တယ်၊ အခုဆို ကျနော့်သားကို ကျနော် မူကြိုထား နေရပြီ၊တော်ရုံတန်ရုံ ကျောင်းကို သွားကြိုရတဲ့ အခါမှာ ကျနော့်အတွက် အဆင်မပြေတော့ဘူး။ ကျနော်က ဘာမှ လုပ်မရတော့တာ အဲတော့ ဆုတောင်းရုံ သက်သက်ပဲ လုပ်နိုင်တယ်၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ဒေါက်တိုင်တွေ အကုန်ဖျက်ပြီး အမြန်အရေးယူနိုင်လေ ပိုကောင်းလေပဲ"

ကိုဖြိုးဟာ ပြီးခဲ့တဲ့နှစ် မတ် လ ၁၀ ရက်နေ့က တောင်ဒဂုံမြို့နယ်ထဲက သစ်ဆိမ့်ကွေ့ မှတ်တိုင်နားမှာ ဆန္ဒပြနေရင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကျည်အစစ်နဲ့ ပစ်ခတ် ဖမ်းဆီးပြီးနောက် တစ်ပတ်ကြာတဲ့အထိ ဆေးကုမပေးလို့ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် စစ်တပ်က ဖမ်းဆီးပြီးနောက် အသက်ဆုံးရှုံးခဲ့တဲ့ မန္တလေးမြို့က ရတနာပုံ တက္ကသိုလ် ဘူမိဗေဒ ကျောင်းသား မောင်လင်းထက်ရဲ့ မိတ်ဆွေတစ်ဦးကလည်း နိုင်ငံ တကာကနေ စစ်တပ်ကို ထိထိရောက်ရောက် အရေးယူသင့်တာကြာပြီလို့ RFA ကို ပြောပါတယ်။

"အရေးယူရမှာပေါ့ဗျာ။ အရေးယူသင့်တာကြာပြီဗျာ။ စာနာတာနဲ့ ထောက်ထားနေ တာနဲ့တင် တစ်နှစ်ကျော်နေပြီ။ တကယ်တမ်း အရေးယူသင့်တာက လွန်ခဲ့တဲ့ တစ်နှစ် လောက်ကတည်းကိုက လုပ်သင့်တာဗျာ။ အဲတုန်းက (မောင်လင်းထက် သေတဲ့အချိန်) တစ်နိုင်ငံလုံးအတိုင်းအတာမှာ ၆၃ ယောက်ပဲ သေသေးတာ။ အခုဆို လူဘယ်လောက် သေသွားပြီလဲ။ သူတို့သာ အရေးယူခဲ့လို့ရှိရင် လူတွေ ဒီလောက်မသေဘူး။ ပျော့ညံ့ တာလား တွေဝေနေတာလား မသိပါဘူး"

အသက် ၁၉ နှစ်အရွယ် မောင်လင်းထက်ဟာ မန္တလေးမြို့၊ ချမ်အေးသာစံမြို့နယ်၊ လမ်း ၃၀ နဲ့ လမ်း ၉၀ က ကိုးလုံးတကာ ဘုရားအနီးမှာ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဆန္ဒပြ နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြီး သေဆုံးခဲ့ရတာပါ။ ဒါပေမဲ့ မိသားစုက ရုပ်အလောင်းတောင် မြင်ခွင့်မရခဲ့ပါဘူး။

Fortify Rights အဖွဲ့ရဲ့ ဒီနေ့အစီရင်ခံစာမှာတော့ စစ်တပ်က အရပ်သားတွေအပေါ် ရာဇဝတ်မှုကျူးလွန်ဖို့ အဆင့်နှစ်ဆင့်နဲ့ စနစ်တကျဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ပထမအဆင့်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေနဲ့ ဆန္ဒပြသူတွေကို အသက်သေဆုံး တဲ့အထိ ပစ်ခတ်ဖြိုခွင်း တာဖြစ်ပြီး ဒုတိယအဆင့်ကတော့ ပဋိပက္ခကာလရှည်ဖြစ်ပေါ်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေအပြင် လက်နက် ကိုင်ပဋိပက္ခလုံးဝမရှိခဲ့တဲ့ တိုင်းဒေသတွေမှာပါ အရပ်သားတွေအပေါ် တိုက်ခိုက်တာလို့ ဆိုပါတယ်။

"ဒီကျူးလွန်တဲ့ အကြမ်းဖက်အဖွဲ့ဟာ ရာဇဝတ်သားတွေဖြစ်တာမို့လို့ နိုင်ငံတကာ တရားစီရင်မှုနဲ့ အရေးယူဖို့အတွက် လုပ်ဆောင်ဖို့ လိုအပ်တယ်"

ဒီအစီရင်ခံစာက ထောက်ပြသလို စစ်တပ်ကို နိုင်ငံတကာတရားစီရင်မှုနဲ့ အရေးယူဖို့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

"ဒီအစီရင်ခံစာမှာ ဖော်ပြထားတဲ့ ဖြစ်ရပ်တွေ၊ ကျူးလွန်မှုတွေအားလုံးကို ကျနော်တို့ လည်း သက်သေပြုထားတာရှိပါတယ်။ အဲဒါ ကြောင့်မို့လို သူတို့တင်ပြချက်မှာ ပြော ဆိုထားတဲ့ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်တဲ့ ချိုးဖောက်မှု ဆိုတာက မှန်ကန်တယ် ဆိုတာ ပထမဆုံးပြောလိုတယ်၊ တစ်ချိန်တည်းမှာပဲ သူတို့ထောက်ပြထားသလိုပဲ ဒီကျူးလွန်တဲ့ အကြမ်းဖက်အဖွဲ့ဟာ ရာဇဝတ်သားတွေဖြစ်တာမို့လို့ နိုင်ငံတကာ တရားစီရင်မှုနဲ့ အရေးယူဖို့အတွက် လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာ ထောက်ခံ ပါတယ်”

NUG အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင် ထားသလို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) ကို တင်နိုင်ဖို့အတွက် ရောမစာချုပ်ကို လက်မှတ်ထိုးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ကရင်နီပြည်နယ် ဒီး​မော့ဆိုမြို့နယ် ​ဆောင်ဒူလာ​​ကျေးရွာမှာ ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်​နေ့တွင် စစ်လေယာဥ်နဲ့ ကြဲခဲ့တဲ့ ဗုံးတစ်လုံးကို တွေ့ရစဥ် (Photo: KNDF)
ကရင်နီပြည်နယ် ဒီး​မော့ဆိုမြို့နယ် ​ဆောင်ဒူလာ​​ကျေးရွာမှာ ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်​နေ့တွင် စစ်လေယာဥ်နဲ့ ကြဲခဲ့တဲ့ ဗုံးတစ်လုံးကို တွေ့ရစဥ် (Photo: KNDF)

လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်း ကတော့ ထိရောက်တဲ့နိုင်ငံတကာအရေးယူမှုတွေဟာ စစ်တပ်အာဏာ လက်လွှတ်ရမှသာ ဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။

“တပ်အတွက်က တကယ်လို့ အာဏာလက်လွတ်ဖြစ်သွားရင် အထူးသဖြင့် ပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခမှာ စစ်တပ်ဘက်က ရှုံးနိမ့်သွားလို့ရှိရင်တော့ ဒီအစီရင်ခံစာတွေ ကြောင့် ICC နိုင်ငံတကာခုံရုံးတို့ ဘာတို့ကို ရောက် သွားနိုင်တာပေါ့။ ပြီးခဲ့တဲ့သမိုင်းမှာ ပြန်ကြည့်လိုက်လို့ရှိရင် အဲဒီခုံရုံးတွေရောက်သွားပြီး နှစ်ရှည် ထောင်ကျတဲ့ ပုဂ္ဂိုလ်တွေ က သူ့ ပြည်တွင်းမှာ အာဏာ လက်လွတ်ဖြစ်သွားလို့ပဲ”

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပေးနိုင်ရေးအတွက် လုံခြုံရေးကောင်စီကို ဖိအားပေးဖို့ ဒါမှမဟုတ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်ပြီး စစ်ကောင်စီကို စွဲချက်တင်နိုင်ရေး နိုင်ငံတကာ အထူးရာဇဝတ်ခုံရုံးကို ဖွဲ့စည်းဖို့ Fortify Rights က အကြံပြုထားပါတယ်။

နိုင်ငံတကာအရေးယူမှုကို ချက်ချင်းမလုပ်နိုင်ဘူးဆိုရင် မြန်မာပြည်ဟာ ကာလရှည်တဲ့ စစ်အုပ်ချုပ်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခအပြင် အစုလိုက်အပြုံလိုက် ရာဇဝတ်မှု ကျူးလွန် တာတွေကို ကြုံတွေ့ရနိုင်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို မတ် ၂၄ ရက် ညနေပိုင်းအထိ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။