မိုဆိုရွာကိစ္စ အပါအဝင် စစ်ရာဇဝတ်မှုတွေ ပြစ်ဒဏ်ပေးနိုင်ရေး ဆက်လုပ်သွားမယ်လို့ IEC ပြော

RFA Burmese
2023.12.24
မိုဆိုရွာကိစ္စ အပါအဝင် စစ်ရာဇဝတ်မှုတွေ ပြစ်ဒဏ်ပေးနိုင်ရေး ဆက်လုပ်သွားမယ်လို့ IEC ပြော ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာတွင် လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုအား ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကယားပြည်နယ် (ကရင်နီပြည်) ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးမှာ အရပ်သား ၄၅ ဦး အပါအဝင် လူ ငါးဆယ်နီးပါး အစုလိုက်သတ်ဖြတ်ခံရတာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် ဒီနေ့မှာ နှစ်နှစ်ပြည့်ခဲ့ပါပြီ။

အဲဒီအပေါ် ကျူးလွန်သူတွေဟာ လက်ရှိအချိန်ထိ ပြစ်မှုကနေ ကင်းလွတ်နေတာကြောင့် ဒီအမှုအပြင် တခြားစစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်ဒဏ်ပေး နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျူးလွန်ခံရတဲ့ မိသားစုတွေနဲ့အတူ ဒီနေ့အထိ ဝမ်းနည်းကြေကွဲရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ကိုယ်ရေးအချက်အလက် စိစစ်နိုင်ရေးနဲ့ ဖမ်းမိရရှိရေးအတွက် အခက်အခဲမျိုးစုံရှိနေပေမယ့် ပြစ်ဒဏ်ပေးနိုင်ဖို့နဲ့ နစ်နာသူပြည်သူတွေ တရားမျှတမှုရရှိအောင် ဆက်ပြီးဆောင်ရွက်သွားမယ်လို့ (IEC) အတွင်းရေးမှူး (၁) မဇူးပဒုမ္မာက RFA ကို ပြောပါတယ်။

“နှစ်နှစ်ပြည့်သည်တိုင်အောင် တရားမျှတမှုရှာဖွေတဲ့ လုပ်ငန်းစဉ်က မအောင်မြင် သေးဘူးပေါ့နော်။ အများကြီး စိန်ခေါ်မှုတွေရှိနေတယ်။ ဒီအတွက်လည်း ကျွန်မတို့ များစွာ စိတ်မကောင်းဖြစ်ရတယ်။ ကျွန်မတို့က ကိစ္စရပ်တိုင်းမှာ ပြစ်ဒဏ်ကင်းလွတ် နေတဲ့ စစ်အုပ်စုတွေကို အပြစ်ပေးအရေးယူဖို့ကိစ္စက ကျွန်မတို့ (IEC) တစ်ခုတည်း မဟုတ်ဘဲနဲ့ နိုင်ငံတကာနဲ့ ကျွန်မတို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုတွေက ပူးပေါင်းပါဝင်ပေးဖို့ ရေရှည်မှာ ဆက်ပြီးခုခံနိုင်မှပဲရနိုင်မယ့် အခင်းအကျင်း တွေဖြစ်တယ်။ တရားမျှတမှုရရှိဖို့ လုပ်ငန်းစဉ်တွေက တရားခုံရုံးတွေမှာ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့အတွက် ကျွန်မတို့ ဆက်ပြီးတော့ ဆောက်ရွက်သွားမှာဖြစ်တယ်။ အဲဒါတွေ အပေါ်မှာ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းချင်ပါတယ် ”

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်ကဖြစ်ခဲ့တဲ့ အဲဒီသေဆုံးမှုအတွင်း အသက် (၁၈) နှစ်အောက် ကလေးသုံးဦးနဲ့ Save The Children အဖွဲ့ ဝန်ထမ်းနှစ်ဦး အပါအဝင် ဒေသခံ (၄၅) ဦးနဲ့ ကရင်နီနယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦး စုစုပေါင်း (၄၉) ဦး သေဆုံးခဲ့တာလို့ ကရင်နီရဲတပ်ဖွဲ့ (KSP) က အတည်ပြုထားပါတယ်။

စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တွေက ကားခြောက်စီး၊ ထော်လာဂျီနဲ့ ဆိုင်ကယ်ငါးစီးတို့နဲ့အတူ မီးရှို့သတ်ဖြတ်သွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ မိုဆိုရွာဘက်မောင်းနှင်လာတဲ့ မော်တော်ယာဉ်ခုနစ်စီးကို စစ်ကောင်စီတပ်တွေက တားဆီးရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF နဲ့ KNPP အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာလို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။