စစ်ရာဇဝတ်မှုကျူးလွန်တဲ့ သက်သေအထောက်အထား ပိုများလာကြောင်း IIMM ပြော

2022.09.13
စစ်ရာဇဝတ်မှုကျူးလွန်တဲ့ သက်သေအထောက်အထား ပိုများလာကြောင်း IIMM ပြော ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်သော လူငယ်တချို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားစဉ်
Photo: AFP

စစ်အာဏာသိမ်း တစ်နှစ်ခွဲကျော်ကာလအတွင်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ သက်သေအထောက်အထား ပိုများလာ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) အကြီးအကဲ Nicholas Koumjian က စက်တင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ ကုလ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးထုတ်ပြန်ချက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် လူသတ်မှု၊ ညှဉ်းပန်း နှိပ်စက်မှု၊ ပြည်နှင်ဒဏ်ပေးမှု၊ အတင်းအကျပ်လွှဲပြောင်းမှု၊ တရားစွဲဆိုမှု၊ ထောင်ချမှုတွေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ကျူးလွန်မှုတွေအပါအဝင် လူသားမျိုးနွယ်စုတွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ပိုများလာတယ်လို့ Nicholas Koumjian က ပြောပါတယ်။

“ကံမကောင်းစွာနဲ့ပဲ မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေက အတော်လေးပြင်းထန်လာ ပါတယ်။ ဒါက ကျနော်တို့အနေနဲ့ ဆိုးရွားတဲ့ နိုင်ငံတကာရာဇဝတ်မှု သက်သေ အထောက်အထားတွေကို စုစည်းထားနိုင်ဖို့ ပိုပြီးအရေးကြီး လာတယ်ဆိုတဲ့ သဘောပါပဲ။ ဒါမှ တစ်နေ့မှာ တရားမျှတမှု ပြန်ပြီးရရှိလာမှာပါ”

လူ့အခွင့်အရေးကောင်စီဟာ အရင်အစိုးရလက်ထက်က ရိုဟင်ဂျာလူမျိုးစုတွေအပေါ် လူအခွင့်အရေး ချိုးဖောက်မှုတွေကို သက်သေအချက်အလက်စုစည်းဖို့အတွက် IIMM ကို ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။

၅၁ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ စက်တင်ဘာ ၁၂ ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။