လက်ထုတ္တောရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စစ်ရာဇဝတ်မှုမြောက်ကြောင်း NUG ပြော

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောရွာခံတွေကို စစ်ကောင်စီက အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၁၂ ရက် ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က လက်ထုတ္တောရွာကို ပိတ်ဆို့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအရပ်သား အမျိုးသား ခြောက်ဦးသေဆုံးခဲ့ကြောင်း၊ အဲဒီနောက်ရွာထဲဝင်လာပြီး ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေတဲ့ အရပ်သားပြည်သူတွေကို ထပ်မံပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး တစ်ဦး နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အရပ်သား ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့နေစဉ် တစ်ဦးထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူစုစုပေါင်း ၃၂ ဦးအထိ ရှိလာနေပြီလို့ NUG ကပြောပါတယ်။ အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့ရုံသာမက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တစ်ရွာလုံးပြာကျသွားတယ်လို့လည်း ဆိုပါတယ်။
ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် (၃၃) လက်အောက်ခံ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပို့နဲ့ ဆက်သွယ်ရေးတပ်ရင်းနဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ ပျူစောထီးတွေ ပေါင်းပြီး စစ်အင်အား ၇ဝ လောက်ပါတဲ့ စစ်ကြောင်းက ကျူးလွန်ခဲ့တာလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စစ်ကောင်စီက ထပ်တလဲလဲ ကျူးလွန်နေပေမဲ့ အခုအချိန်ထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသေးတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီအပေါ် ပိုထိရောက်အောင် အရေးယူဖို့လည်း NUG က တိုက်တွန်းထားပါတယ်။
ဒီလက်ထုတ္တောရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို၊ ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။