တန့်ဆည်မြို့နယ် အင်းနားရွာက နေအိမ်တစ်ရာကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်းနားရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီး နင်းပြီး နေအိမ်တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါ တယ်။
စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ အင်းနားရွာကို ဝင်ရောက်ခဲ့တာပါ။ နေအိမ် ၁၄၈ လုံးရှိတဲ့ အင်းနားရွာက အိမ် ၁၂၅ လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ အင်းနားရွာဒေသခံတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ (စက်တင်ဘာလ ၂၅ ရက်) ညက ရွာထဲ ခဏလေး ဝင်ကြည့်ပြီးပြီဗျ။ ရွာက စုစုပေါင်း အိမ်ခြေ ၁၄၀ ကျော်ကို ၁၀၀ ကျော်လောက်ပါသွားတယ်ဗျ။ သူတို့က ကျနော်တို့ရွာဘေးက ငှက်ပျောတောရွာမှာ ရှိနေသေးတယ်"
ဒီစီးနင်းမှုကြောင့် ဒေသခံ ၆၀၀ ခန့်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တဲ့အတွက် နေရပ်ပြန်ဖို့အခက်အခဲရှိနေတယ်လို့ သူက ပြောပါတယ်။
တန့်ဆည်မြို့နယ် အင်းနားရွာ၊ သဲစားရွာနဲ့ ငှက်ပျောတောရွာတွေကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက်ကစလို့ ဝင်ရောက်စီးနင်းပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သဲစားရွာနဲ့ ငှက်ပျောတောရွာက မီးလောင်ပျက်စီးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။
အဲဒီ ရွာသုံးရွာက ဒေသခံ ရှစ်ထောင် ၈၀၀၀ ကျော်ကတော့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရ ပါတယ်။
စစ်ကောင်စီတပ်သားတွေ ကျေးရွာကိုဝင်ရောက်စီးနင်းပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီး နေတာနဲ့ ပတ်သက်လို့ RFA က စစ်ကောင်စီ စစ်ကိုင်းတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို ဖုန်းနဲ့ဆက်သွယ်ရာမှာ ဖြေဆိုဖို့ငြင်းဆန်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ယခုနှစ် သြဂုတ်လ ၁၇ ရက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်ပေါင်း ၂၀,၁၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးရှို့မှု ဖြစ်စဉ်တွေကို လေ့လာပြုစုနေတဲ့ Data For Myanmar အဖွဲ့က သြဂုတ်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။