ရေဘေးသင့် အင်းလေးဒေသမှာ လေပြင်းတိုက်လို့ နေအိမ် လေးဆယ်ခန့် ပျက်စီး
2024.11.04

ရေကြီးနစ်မြုပ်မှုတွေကြောင့် ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းနေရတဲ့ အင်းလေးဒေသမှာ နိုဝင်ဘာလ ၂ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် နေအိမ် လေးဆယ်ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးသည်းပြီး လေပြင်းတိုက်တာကြောင့် ကံရွာနဲ့ ကုနုရွာအပါအဝင် အင်းထဲမှာရှိတဲ့ ရွာတချို့က နေအိမ်တွေ အမိုးလန်ပျက်စီးတာအပြင် လုံး၀ပြိုကျသွားတဲ့ အိမ်တချို့လည်း ရှိနေတာလို့ အင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နှစ်ထပ်ဖြစ်သွားတာပေါ့ အကူအညီတွေကတော့ ဒီနေ့အထိမရောက်သေးဘူး။ အမိုးလန်သွားတဲ့အိမ်တွေကတော့ ကိုယ်ထူကိုယ်ထ ပြန်ပြင်နေကြတယ်”
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ အင်းလေးကန်ထဲမှာ ဖြစ်ခဲ့တဲ့ လေပြင်းတိုက်ခတ်မှုဟာ မိုးတိမ်တောင်ကတစ်ဆင့် ဖြစ်ပေါ်တတ်တဲ့ စိုက်ဆင်းလေပြင်း (down-burst) ကြောင့်ဖြစ်ပြီး မိုးကြို၊ မိုးဦး၊ မိုးနှောင်းနဲ့ မိုးလွန်ရာသီတွေအတွင်း သတိထားကြရမဲ့ လေပြင်းအန္တရာယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
လေပြင်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် အကူအညီပေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာတော့ အင်းလေးဒေသမှာ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရွာပေါင်း ၁၇၀ ခန့် ရေဝင်နစ်မြုပ်ခဲ့ပြီး ရေဘေးကြောင့် လူကိုးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။