အင်းလေးဟိုတယ်ဇုန်အတွက် မြေသိမ်းလို့ အာဏာပိုင်တွေနဲ့ ဒေသခံတွေ တင်းမာမှုဖြစ်
2013.01.30
အင်ကြင်းကုန်းကျေးရွာ အရှေ့ဖက်မှာရှိတဲ့ ဒေသခံတွေနဲ့ သံဃာတော်ပိုင် ဥယျာဉ်ခြံတွေကို မြေထိုးစက်နဲ့လာရောက်ပြီး ထိုးကော်ဖျက်ဆီးတဲ့အတွက် ဒေသခံ ၃၀ နီးပါးလောက်က အဲဒီမြေထိုးစက်တွေရှေ့မှာထိုင်ပြီး တားဆီးကန့်ကွက်ရာကနေ စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေပိုင်ဆိုင်တဲ့ မြေယာတွေကို အသက်သေတဲ့အထိ ကာကွယ်သွားမှာဖြစ်တယ်လို့ အစိုးရဆီက သီးနှံ လျော်ကြေးရယူထားခြင်းမရှိတဲ့ ကန်ပဲ့ကျေးရွာက တောင်သူဦးကျော်စိန်က ပြောပါတယ်။
အခင်းဖြစ်နေရာကို ရောက်ရှိလာပြီး လာရောက်ဖြန်ဖြေပေးတဲ့ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး က ဟိုတယ်ဇုန်စီမံကိန်းအတွက် လက်ရှိလုပ်ကိုင်နေတဲ့ မြေပြုပြင်ရေးလုပ်ငန်းတွေကို လောလောဆယ် ရပ်နားထားပေးမယ်လို့ ဒေသခံတွေကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်ကလည်း သံဃာပိုင်ဥယျာဉ်ခြံတွေကို စက်ယန္တရားတွေနဲ့ မြေထိုးကော်ခဲ့တဲ့အတွက် သာသနာ့အလံတွေစိုက်ထူပြီး ကန့်ကွက်ခဲ့တာကြောင့် တစ်လလောက်လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်က စတင်အကောင်အထည်ဖော်ခဲ့တဲ့ အင်းလေးဟိုတယ်ဇုန်စီမံကိန်းဟာ အကျယ် အဝန်း ၆၂၂ ဧကရှိပြီး ချောင်းပါး၊ ဝက်သားကင်၊ ညောင်ဝန်း၊ ဘုရားဖြူ၊ ကန်ပဲ့နဲ့ အင်ကြင်းကုန်းကျေးရွာက လယ်ယာဥယျာဉ်ခြံမြေတွေအပြင် ဘုန်းကြီးကျောင်း ၁၃ ကျောင်းပိုင် ထင်းစိုက်ခင်းတွေပါဝင်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။