အင်းလေးဒေသတိုက်ပွဲ PDF သုံးဦး သေဆုံး
2023.01.06
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်အနောက်ဘက်ခြမ်း ငါးမိုင်ခန့်အကွာက ညောင်ရွှေမြို့နယ်၊ သန်းထောင်ရွာနဲ့ ဘုရားနီရွာအနီးမှာ ဇန်နဝါရီလ ၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ PDF အမှတ် ၁၀၀၉ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားပြီး PDF သုံးဦးသေဆုံးကာ တစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"၃ ရက်နေ့ နေ့လယ်လောက်ကတည်းက စဖြစ်တာပါ။ PDF တွေရှိတဲ့နေရာကို စစ်ကောင်စီနဲ့ ဒလန်တွေက လမ်းပြ ခေါ်လာပြီး ဟိုဘက်ဒီဘက် ပစ်ခတ်မှုဖြစ်တယ်။ PDF သုံးယောက်ကျပြီး တစ်ယောက် ဖမ်းခံလိုက်ရတယ်လို့ ကနဦး သိရပါတယ်"
ဒီအခြေအနေနဲ့ ပတ်သက်လို့ PDF အမှတ် ၁၀၀၉ တပ်ရင်းကို RFA က ဆက်သွယ်ခဲ့ရာ မှာတော့ တရားဝင် သတင်း ထုတ်ပြန်ပေးသွားမယ်လို့ ပြောပါတယ်။ ဒီတပ်ရင်းက အင်းလေး PDF ကနေ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ အမှတ် (၁၀၀၉) တပ်ရင်းအဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အင်းလေးဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်းနဲ့ လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ ဘီဘီစီ သတင်းဌာနကို ဖြေဆိုထားပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ ခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီတိုက်ပွဲဖြစ်တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကစလို့ ဒီနေ့ ဇန်နဝါရီ ၆ ရက်နေ့အထိ ခေါင်တိုင်-ပေါင်းပိန်းလမ်း ပိတ်ထားပြီး ဒီ လမ်းပိုင်းမှာ နေထိုင်သူတွေအတွက် အလုပ်အကိုင်နဲ့ သွားရေးလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က သန်းထောင်ရွာရဲ့ ဈေးနေ့ဖြစ်ပြီး အဲဒီနေ့မှာလည်း ဒေသခံတွေအနေနဲ့ ဈေးရောင်းချခွင့်မရခဲ့သလို ဒီလမ်းပိုင်းကနေ တောင်ကြီးမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ရွှေညောင်မြို့နဲ့ ညောင်ရွှေမြို့တွေဆီကို သွားရောက် ဈေးရောင်းချလို့လည်း မရတာကြောင့် အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း အင်းတိန်ရွာက ညောင်အုပ် ဆရာတော်နဲ့ ဒေသခံ သုံးဦးကို စစ် ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး သပြေပင်ကျေးရွာအုပ်စု၊ တောင်ပို့ကြီးရွာက ဒေသခံ ၃၀ ခန့်ဟာလည်း ဖမ်းဆီးခံခဲ့ ရပါသေးတယ်။