အင်းလေး လယ်သိမ်းအမှုအတွက် လမ်းလျှောက်လာသူတွေကို အာဏာပိုင်တွေ တားမြစ်
2013.04.25

တရားစွဲဆိုခံထားရတဲ့ အင်းလေးဟိုတယ်ဇုံ မြေသိမ်းခံတောင်သူ ၇ ဦးအမှုကို ကလောမြို့နယ် တရားရုံးမှာ ဒီကနေ့စစ်ဆေးမှာဖြစ်တဲ့အတွက် ညောင်ရွှေဒေသခံ ၈၀ ကျော်ဟာ မိုင် ၄၀ နီးပါး ကွာဝေးတဲ့ခရီးကို လမ်းလျှောက်ချီတက်ပြီး အားပေးဖို့အသွားမှာ အာဏာပိုင်တွေရဲ့ တားမြစ်ခဲ့ရတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေဖက်က မနက်ဖြန်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးနဲ့ တွေ့ဆုံပေးမယ်လို့ ကတိပေးခဲ့တာကြောင့် လမ်းတဝက်မှာ ပြန်လှည့်ခဲ့တယ်လို့ ဒီကနေ့အခြေအနေကို အခုလိုပြောပြပါတယ်။
"သူတို့ကတော့ ပြေလည်အောင်ဆောင်ရွက်ပေးမယ်လို့ ပြောတာပေါ့နော်၊ ဒါပေမယ့် ပြေလည်အောင်ဆောင်ရွက်ပေးမယ်ဆိုတာက လွန်ခဲ့တဲ့ ၁၁ လပိုင်းလောက်ကလည်း ဖြစ်ခဲ့တဲ့ကိစ္စပဲလေ၊ အခုက ၄ လပိုင်းတောင် ရောက်လာပြီ၊ ဘာမှပြေလည်မှုမရှိဘူးလေ၊ ပြေလည်မှုမရှိတဲ့အတွက် ကျနော်တို့ကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အဖြစ်တွေ ကြုံတွေ့နေရတာပေါ့၊ ဒါပေမယ့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြေလည်အောင် ညှိနှိုင်းပေးဖို့ မနက်ဖြန် ၉ နာရီကို တောင်ကြီးမြို့ကို ရောက်အောင်လာခဲ့ပါတဲ့၊ သူတို့ကဒါမျိုး ခေါ်ထားတာပေါ့နော်၊ ပြီးတော့ ဟိုတယ်ဇုံကို ဆုံးဖြတ်နိုင်ခွင့်ရှိတဲ့လူနဲ့ တွေ့ခွင့်ပေးမယ်တဲ့၊ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကျနော်တို့မသိသေးဘူး၊ အဲဒါကျနော်တို့ကလည်း ပြေလည်မှုတကယ်ရှိမယ်ဆို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ မနက်ဖြန်သွားတွေ့မယ်၊ အဲဒါတကယ်လို့ ပြေလည်မှုမရှိဘူးဆိုလို့ရှိရင်တော့ ကျနော်တို့က ဒီလိုပဲဆက်လက်ပြီးတော့ လမ်းလျှောက်သွားမှာပဲ"
မနက် ၉ နာရီကတည်းက လမ်းလျှောက်လာတဲ့ အဲ့ဒီအဖွဲ့ကို အင်ကြင်းကုန်းနဲ့ ကန်ပဲ့ကျေးရွာနားမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ရှေ့ဆက်မသွားဖို့ တားဆီးခဲ့ပေမယ့် ဒေသခံတွေက မူလခရီးစဉ်အတိုင်းပဲ ဆက်လက်ချီတတ်ခဲ့ကြပါတယ်။ ပေါရိသ ဆံရှင်မွေတော်ဘုရားအရောက်မှာ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းဦးဆောင်တဲ့ အာဏာပိုင်အဖွဲ့တွေက ရှေ့ဆက်မသွားဖို့ ထပ်မံလာရောက်ညှိနှိုင်းခဲ့တဲ့အတွက် ဒေသခံတွေနဲ့ ပြေလည်မှုရရှိသွားခဲ့ကြပြီး ရဲတပ်ဖွဲ့က ကား ၅ စီးနဲ့ ဒေသခံတွေကို ညောင်ရွှေမြို့ကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် မနက်ဖြန်မှာလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ တောင်သူကိုယ်စားလှယ် ၁၀ ဦးတို့ တွေ့ဆုံညှိနှိုင်းကြမယ်လို့သိရပါတယ်။
ဒေသခံတွေ အခုလိုလမ်းလျှောက်တာဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့ မညီညွတ်တဲ့အတွက် ရှေ့ဆက်သွားမယ်ဆိုရင် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး တောင်သူတွေအနေနဲ့ ကလောရုံးချိန်းသွားမယ်ဆိုရင်လဲ ပုဂ္ဂိုလ်ရေးအရ ကားစီစဉ်ပေးမှာဖြစ်တယ်လို့ ရဲမှူးကြီး ဝင်းထွန်းက RFA ကို တုံပြန့်ပြောကြားခဲ့ပါတယ်။
လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ဒေသခံ ကိုခင်မောင်ဝင်းကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားကိုလည်း နားဆင်နိုင်ပါတယ်။