ဘုံသဘောတူညီချက်တွေအကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့မလေးရှား ပူးတွဲတိုက်တွန်း

RFA Burmese
2023.01.09
ဘုံသဘောတူညီချက်တွေအကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့မလေးရှား ပူးတွဲတိုက်တွန်း အင်ဒိုနီးရှားသမ္မတ ဂျိုုကိုဝီဒိုဒိုနှင့် မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်တို့ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ဆုံကြစဉ်။
Reuters

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အာဆီယံအသင်းနဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနှစ်နိုင်ငံခေါင်းဆောင်တွေက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုုကိုဝီဒိုဒိုနဲ့ မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်တို့ အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါမြို့မှာ ဒီနေ့တွေ့ဆုံပွဲကနေ ပူးတွဲတိုက်တွန်းလိုက်တာပါ။

မြန်မာစစ်တပ်အနေနဲ့ အာဆီယံနဲ့ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ပြောဆိုတာ ဖြစ်ပါတယ်။

အာဆီယံအသင်းကို ပိုပြီးအားကောင်းမောင်းသန်ဖြစ်အောင် ကြိုးစားကြမယ်လို့ ဒီနေ့တွေ့ဆုံပွဲကနေ ကတိကဝတ်ပြုလိုက်ကြသလို၊ အင်ဒို-ပစိဖိတ်ဒေသငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာရေး ဆောင်ရွက်တဲ့အခါမှာ အာဆီယံအသင်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ဆက်ရှိနေရမယ်ဆိုတာ နှစ်နိုင်ငံခေါင်းဆောင်တွေသဘောတူကြတယ်လို့ လက်ရှိအာဆီယံအသင်းဥက္ကဋ္ဌလည်း ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးဟာ အရေးကြီးတယ်ဆိုတာကို နှစ်နိုင်ငံလုံးက အမြင်တူကြပြီး ဒါကိုအကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်ဟာ အင်ဒိုနီးရှားကို နိုင်ငံတော်ဧည့်သည်အနေနဲ့ မနေ့က တနင်္ဂနွေနေ့မှာ ရောက်သွားပြီး ဒီနေ့မှာတော့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြသလို၊ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာန ားလည်မှုစာချွန်လွှာ ရှစ်ခုကို လက်မှတ်ထိုးကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။