အိန္ဒိယ လူမှုအဖွဲ့တခုက ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်
2010.12.05

အဲဒီ မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး သူရဲကောင်းဆုကို အိန္ဒိယအစိုးရ ကုန်သွယ်ရေး ဝန်ကြီးဟောင်း မစ္စတာဘာ့ဂ် က ချီးမြှင့်တာဖြစ်ပြီး သံလျက်တခုနဲ့ ဆုလက်မှတ်တခုကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဆုလက်ခံ ယူခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်တင်မြှောက်ခံ အမတ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေက ဆုအကြောင်း အာအက်ဖ်အေကို ရှင်းပြပါတယ်။
“ဗမာပြည်ရဲ့ ဧကရီဘွဲ့ ပေးပြီးတော့ ဆုလက်မှတ်တခုနဲ့ အဲဒီအဖွဲ့က ပေးတဲ့ သံလျက်ဆုပေါ့။ ဘာကြောင့်လဲဆိုတော့ သံလျက်ဆိုတာ မင်းမြောက်တန်ဆာထဲမှာ ပါတဲ့ အရာတခုလို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် Queen ဧကရီလို့ သူတို့ သုံးတာ။ လူမှုရေး အဖွဲ့အစည်းပါပဲ။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးနဲ့ စည်းလုံးညီညွတ်မှုကို ဦးတည်တယ်ပေါ့။ ဒီနေ့ ဆုပေးတဲ့နေရာက မွတ်ဆလင်တွေနဲ့ ပတ်သက်တဲ့နေရာမှာ ပေးတာ၊ ဟိန္ဒူတွေလည်း လာတယ်။ ကျနော်တို့လို ဗုဒ္ဓဘာသာတွေလည်း လာတယ်။ သူတို့က လူသားချင်း အတူတူပဲ၊ ဘာသာရေး လူမျိုးရေး ခွဲခြားမှု မရှိဘူး၊ စည်းလုံးညီညွတ်မှု အတူတူ ရှိရမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းပါ”
နယူးဒေလီမြို့မှာ ဒီကနေ့ ကျင်းပတဲ့ အဲဒီ ဆုပေးပွဲကို အိန္ဒိယနိုင်ငံမှာ ရောက်ရှိ နေထိုင်ကြတဲ့ မြန်မာ့ လူမှု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်း ကိုယ်စားလှယ်တွေ အပါအဝင် အိန္ဒိယနိုင်ငံ အဖွဲ့အစည်း အသီးသီးက စုစုပေါင်း ၁ ရာနီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယအစိုးရက မြန်မာ့ဒီမိုကရေစီရေးမှာ ငြိမ်သက်နေပေမယ့် အိန္ဒိယ လူမှုအဖွဲ့အစည်းတွေကတော့ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်တယ်လို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။