တမူး-မိုးရေး နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေ
2011.10.01
ကူကီး လူမျိုးစုတွေက ပြည်နယ်အတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တောင်းဆိုတာ မရရှိတဲ့အတွက် အဝေးပြေးလမ်းတွေကို ပိတ်ထားသလို တန်ပြန်တဲ့အနေနဲ့ ပြိုင်ဘက် နာဂလူမျိုးစုတွေကလည်း နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မိုးရေးမြို့ကိုသွားတဲ့ တခုတည်းသော အဝေးပြေးလမ်းကို ပိတ်ဆို့ထားပါတယ်။
ဒါကြောင့် အိန္ဒိယနိုင်ငံ အတွင်းပိုင်းကို ဘာပစ္စည်းမှ ပို့လို့မရဘဲ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားကြောင်း နယ်စပ်အရေး လေ့လာသူတဦးက ပြောပါတယ်။
“တမူး နန့်ဖာလုံဈေးကလည်း အသက်မရှိတော့ဘူး။ မဏိပူပြည်နယ်နဲ့ နယ်စပ်ကုန်သွယ်ရေးကတော့ ဘာမှ သယ်လို့ မရဘူး။ ငွေလဲနှုန်းကတော့ စီးပွားရေးဘာမှ လုပ်လို့မရတဲ့အချိန်မှာ လိုရင်လိုသလို လျှော့ပြီး လဲနေရတယ်။ ဘာအလုပ်မှာ လုပ်လို့ မရတာ”
ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး အနန်ရှားမား နဲ့ မြန်မာ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့် တို့ တွေ့ဆုံချိန်မှာ လာမယ့် ၂ဝ၁၅ ခုနှစ်မှာ နယ်စပ်ကုန်သွယ်ရေး အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏကို လက်ရှိ အနေအထားထက် (၂) ဆ တိုးမြင့်ဖို့ သဘောတူညီခဲ့ကြပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဟာ ဘဏ်စနစ်နဲ့ အရောင်းအဝယ် လုပ်ကြတာမဟုတ်ဘဲ ကုန်ပစ္စည်းချင်း လဲလှယ်တဲ့စနစ်ကို သုံးနေကြသလို မှောင်ခို ကုန်သွယ်ရေးလမ်းကြောင်းကသာ အဓိက ကျနေပါတယ်။
ဒါ့အပြင် မဏိပူရ်ပြည်နယ် ခွဲထွက်ရေး လက်နက်ကိုင်တွေက ကုန်သွယ်ရေးလမ်းကြောင်းကို တစုံတရာ လွှမ်းမိုးထားတာကြောင့် နယ်စပ်ကုန်သွယ်ရေး အခြေအနေ တိုးတက်မှု မရှိဘူးလို့ သိရပါတယ်။