မြန်မာစစ်သားတစ်ဦး ပစ်ခတ်မှု နယ်ခြားစောင့်တပ်မှူး တောင်းပန်
2011.12.27
မြန်မာနဲ့ အိန္ဒိယနယ်စပ် အာဏာပိုင်တွေရဲ့ အဲဒီ ဆွေးနွေးပွဲမှာ တစ်စုံတစ်ရာ ဖြေရှင်းမှု ပါမလာတဲ့အတွက် အိန္ဒိယဘက် မိုးရေးမြို့ခံ တွေက မကျေမနပ် ဖြစ်ကြပြီး နယ်စပ်နဲ့ မဏိပူပြည်နယ် အတွင်းပိုင်းကို ဆက်သွယ်တဲ့ တစ်ခုတည်းသော အဝေးပြေးကားလမ်းကို ရက် အကန့်အသတ် မရှိ ပိတ်ဆို့လိုက်ပါတယ်။
အဲဒီလို ရက်အကန့်သတ်မရှိ ပိတ်ဆို့လိုက်တာဟာ နယ်စပ်ကုန်သွယ်ရေး ကိုရော၊ ရှေ့လအစောပိုင်းမှာ အဲဒီနယ်စပ်ကို ဖြတ်ကျော်မောင်းနှင်ကြ မယ့် အိန္ဒိယ-မြန်မာ ကားပြိုင်ပွဲကိုရော ထိခိုက်နိုင်တယ်လို့ အိန္ဒိယ မြန်မာ နယ်စပ်အရေး လေ့လာသူတစ်ဦးက ပြောပါတယ်။
“၂၆၆ မြန်မာတပ်ရင်းမှူး ဗိုလ်မှူးကြီးတင်မောင်က အိန္ဒိယဘက်ကို တောင်းပန်တယ်ပေါ့။ ဒါပေမယ့် တောင်းပန်တဲ့အဆင့်ပဲ။ လျော်ကြေး ပေးတာ၊ အမှတ်တမဲ့ ကျည်ထွက်တဲ့သူကို အရေးယူတာ ဒီဟာမျိုးတွေ တရားဝင် ပြောထားတာတော့ မရှိဘူးလေ။ အဲဒီကျတော့ မနေ့က နေ့လည်ပိုင်းကစပြီး ရက်အကန့်အသတ် မရှိ လမ်းပိတ်လိုက်တော့ အိန္ဒိယဘက်က အစိုးရက တခုခု ဖြေရှင်းမပေးရင် ကားပြိုင်ပွဲတို့၊ နယ်စပ်ကုန်သွယ်ရေးတို့ပါ ထိခိုက်နိုင်တယ်”
ဒီလ ၂၅ ရက် ခရစ်စမတ်နေ့က အိန္ဒိယ မြန်မာနယ်စပ် မြန်မာဘက် တမူးမြို့အစွန် နန်းဖာလုံဈေးကို စောင့်ကြပ်နေတဲ့ စစ်သားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အနီးရှိ အိန္ဒိယပိုင် မိုးရေးမြို့ဘက်မှာ ဘောလုံးကစား နေတဲ့ မူစလင် လူငယ်တစ်ဦး သေနတ်ထိမှန်ခဲ့ပါတယ်။
အဲဒီလို ပစ်ခတ်မှုကြောင့် မိုးရေးမြို့ခံတွေက မကျေမနပ်ဖြစ်ကြပြီး သူတို့မြိုထဲကို နေ့စဉ်လာရောက်ကြတဲ့ မြန်မာ ဈေးဝယ်ဈေးသည်တွေ ကို တိုက်ခိုက်ကြပြီး ပစ္စည်းတွေကိုပါ ဖျက်ဆီးခဲ့ကြပါတယ်။