အင်းတော်မှာ လူငယ်တစ်ဦးကို ဖမ်းမမိလို့ မိသားစု၀င်သုံးဦး ဖမ်းဆီးခံရ

RFA Burmese
2023.10.06
အင်းတော်မှာ လူငယ်တစ်ဦးကို ဖမ်းမမိလို့ မိသားစု၀င်သုံးဦး ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တစ်နေရာကို တွေ့ရစဉ်။
အင်းတော်မြို့ ကိုယ်ထူကိုယ်ထ လှည့်ကင်းအဖွဲ့ / Facebook

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ ညောင်ပင်စုရပ်ကွက်က နေအိမ်တစ်လုံးကို အောက်တိုဘာလ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သား အင်အားသုံးဆယ်ခန့် ဝင်ရောက်စီးနင်းပြီး မိသားစုဝင်သုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူငယ်တစ်ဦးကိုလာဖမ်းချိန် အဲဒီလူငယ်ကို မတွေ့တာကြောင့် နေအိမ်မှာရှိနေတဲ့ မောင်နှမသုံးဦးကို ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“သတင်းရလို့ဆိုပြီး ဝိုင်းကြတာ သူတို့လိုချင်တဲ့ဟာတော့ မမိဘူး။ ဒါပေမဲ့ အိမ်မှာရှိနေတဲ့ မောင်နှမသုံးယောက်ကို ခေါ်သွားတာပေါ့။ သူတို့ကိုလည်း PDF တွေနဲ့ ပတ်သက်နေတယ်ဆိုပြီး စွပ်စွဲပြီးခေါ်သွားတာ”

သူတို့ကို လက်ရှိ အင်းတော်မြို့က စစ်တပ်ကုန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီး မိသားစုဝင်တွေလည်း တွေ့ဆုံခွင့်မရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေဟာ စစ်ကောင်စီတပ်က အလိုရှိနေသူလူငယ်ရဲ့ အစ်ကိုနဲ့အစ်မတွေဖြစ်ပြီး အသက် ၅၀ နဲ့ ၃၀ ကြား အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အမည်တွေကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အင်းတော်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံရပြီးနောက်ပိုင်း မြို့တွင်းမှာ လုံခြုံရေးတင်းကျပ်ထားပြီး အရပ်သားတွေ မကြာခဏဖမ်းဆီးခံနေရသလို နှစ်ရှည်ထောင်ချမှတ်ခံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး စစ်ကိုင်းတိုင်းထဲက အင်းတော်အပါအဝင် စုစုပေါင်း မြို့နယ် ၁၄ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ဆက်စပ်ပြီး နိုင်ငံတစ်ဝန်းက လူနှစ်သောင်းနီးပါး (၁၉,၆၅၀ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။