မြန်မာစစ်တပ်ရဲ့ငွေဝင်ပေါက်တွေ ဝိုင်းဝန်းပိတ်ဆို့ဖို့ ကုလလူ့အခွင့်အရေးကောင်စီတိုက်တွန်း

2022.09.23
မြန်မာစစ်တပ်ရဲ့ငွေဝင်ပေါက်တွေ ဝိုင်းဝန်းပိတ်ဆို့ဖို့ ကုလလူ့အခွင့်အရေးကောင်စီတိုက်တွန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်။
Photo: STR / AFP

မြန်မာစစ်တပ် ဘဏ္ဍာငွေ မရအောင် ဖြတ်တောက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီက နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ စစ်တပ်ရဲ့ စီးပွားရေး အကျိုးရလဒ်တွေကိုပိတ်ဖို့၊ အထူးသဖြင့် နိုင်ငံခြားငွေ လဲလှယ်မှုနဲ့ ငွေဝင်ပေါက်တွေ ပိတ်နိုင်ဖို့က မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်တယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးအဖြစ် ယာယီတာဝန်ယူနေတဲ့ နာဒါ နာရှစ်ဖ်က စက်တင်ဘာ ၂၂ ရက်၊ မနေ့က ပြောလိုက်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ပြည်ပမှာ ဖွင့်ထားတဲ့ ဘဏ်စာရင်းတွေကနေ နိုင်ငံခြားငွေ လဲလှယ်ခွင့်ရှိနေတဲ့အတွက် အဲဒီဘဏ်စာရင်းတွေကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ပိတ်ဆို့အရေးယူဖို့ ထည့်သွင်းတောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာစုဆောင်း မှတ်တမ်းတင်ဖို့ ကုလသမဂ္ဂကဖွဲ့ထားတဲ့ FFM အဖွဲ့ရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ကုမ္ပဏီတွေကနေ ငွေဝင်နေသလို၊ အဲဒီလုပ်ငန်းတွေကနေ တိုင်းပြည်နိုင်ငံခြားငွေ တစ်ဝက်လောက် လည်ပတ်နေတာလို့ ဖော်ပြပါတယ်။

တိုင်းပြည်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ လူမှုရေးတွေ တစ်စထက်တစ်စ ယိုယွင်း ပျက်စီးနေပေမယ့် စစ်ကောင်စီဟာ ကျန်းမာရေး၊ ပညာရေး၊ လူမှုကူညီရေးတွေမှာ သုံးစွဲရမယ့်အစား စစ်ရေးမှာပဲ ဦးစားပေးသုံးနေတယ်လို့လည်း FFM အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ကို ငွေဝင်ပေါက်တွေ ဖြတ်တောက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် NGO တွေ၊ လူထုအခြေပြုအဖွဲ့တွေ၊ တိုင်းရင်းသားနဲ့ ဘာသာရေးဆိုင်ရာအဖွဲ့တွေ၊ အလုပ်သမားသဂ္ဂတွေနဲ့ ပူးပေါင်း ဆောင်ရွက် ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။