အင်းတော်ကြီးဒေသမှာ တရားမဝင်ရွှေတူးတဲ့ စက်ယန္တရား ၃၀ ကျော်ဖမ်းမိ


2017.07.23
gold-mine-620.jpg ကချင်ပြည်နယ်က ရွှေတူးဖော်တဲ့ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ တရားမဝင်ရွှေတူးဖော်တဲ့အခါ အသုံးပြုတဲ့ ဘက်ဟိုးယန္တရားအစီး ၃၀ ကျော်နဲ့ ဆက်စပ်ပစ္စည်းတွေကို အစိုးရတပ်မတော်ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

ရွှေတူးဖော်မှုတွေကြောင့် အင်းတော်ကြီးဒေသ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန်မှာ ဖမ်းဆီးရမိတာဖြစ် တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက ပြောပါတယ်။

"နယ်မြေထဲကိုရှင်းပြီးတော့ အင်းတော်ကြီးပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့ဆိုပြီးတော့ အင်းတော်ကြီးဒေသကို ထိခိုက်တဲ့ အလုပ်တွေလုပ်နေလို့ ဆိုပြီးတော့ အင်းတော်ကြီးကို ထိခိုက်မှာစိုးလို့ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့နေရာတွေအကုန်လုံးကို မလုပ်ခိုင်းဘဲနဲ့ ကန့်သတ်ထားရတာ။ ဒီဒေသတွေက ရွှေတူး တာတွေ ခိုးတူးတာတွေများတယ်။ လက်လှမ်းမီတဲ့နေရာဆိုရင်တော့ ကျနော်တို့က သတ္တုတွင်းဥပဒေ ၃၈ နဲ့ အရေးယူတယ်။ အဓိကတော့ တပ်တခုပဲခင်ဗျ။ ကျနော်တို့အဲဒီနေရာတွေက ရဲသွားဖို့ အခက်အခဲရှိတဲ့ နေရာတွေများတယ်ဗျ။ တရားစွဲဖို့အတွက် သူတို့က ကျနော်တို့ကို ဆက်ပြီးတော့ လုပ်ပါလို့ လွှဲပေးရင်တော့ လုပ်မှာပါဗျ"

အစိုးရတပ်မတော် ခလရ ၂၅၆ နဲ့ ခမရ ၅၂၁ တပ်တွေက ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ မိုင်းနောင် နဲ့ မမုံကိုင်ကျေးရွာတဝိုက်ကို နယ်မြေရှင်လင်းချိန်မှာ ဘက်ဟိုးယန္တရားအစီး ၃၀ ကျော် နဲ့ ရွှေတူးရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

အလားတူ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာလည်း ဘက်ဟိုးယန္တရား ၁၀ စီးကျော်ကို အရင်က ဖမ်းဆီးထားမိတာရှိသေးကြောင်း ရဲမှူးကြီးက ဆိုပါတယ်။

အခုလိုဖမ်းဆီးရမိတဲ့အထဲမှာ တရားဝင်လိုင်စင်ဆောင်ထားသူတွေနဲ့ တရားမဝင်အသုံးပြုနေသူတွေကို စိစစ်ပြီး ဥပဒေအတိုင်းဆောင်ရွက်ဖို့လိုကြောင်း မိုးညှင်းမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က ပြောပါတယ်။

အင်းတော်ကြီးဒေသက မိုင်းနောင်၊ မမုံကိုင်၊ နန့်ပတဲ၊ နန့်မီးလောင် စတဲ့ရွာတွေအနီးက တောတောင် တွေထဲမှာ စက်ယန္တရားတွေအသုံးပြုပြီး တရားမဝင်ရွှေတူးဖော်လို့ အဲဒီကထွက်လာတဲ့ နှုန်းအနည် အနှစ် စွန့်ပစ်မြေစာတွေဟာ ချောင်းတွေကနေတဆင့်စီးဝင်တာကြောင့် အင်းတော်ကြီးကန် တိမ်ကောလာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။