မိုင်းဆက်မြို့က တရုတ်တွေရဲ့ ရွှေသတ္တုတူးဖော်မှုကြောင့် မယ်ဆိုင်မြစ်ရေညစ်ညမ်းလာ
2024.03.09
ရှမ်းပြည်နယ်၊ မိုင်းဆက်မြို့နယ်မှာ ပြည်သူ့စစ်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေတဲ့ တရုတ်လုပ်ငန်းရှင်တွေရဲ့ ရွှေသတ္တု တူးဖော်မှုကြောင့် မယ်ဆိုင်မြစ်ရေ ညစ်ညမ်းလာပြီလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးနောက် မယ်ကြုတ်ဌာနေပြည်သူ့စစ်ဟာ မယ်ကြုတ်ရွာအနောက်ဘက် တောင်ကုန်းတွေမှာ တရုတ်လုပ်ငန်းရှင်တွေကို ရွှေတူးဖော်ဖို့ခွင့်ပြုခဲ့ပြီးနောက် အဲဒီရွှေသန့်စင်ကန်တွေကထွက်တဲ့ စွန့်ပစ်ရေတွေ မယ်ဆိုင်မြစ်ကို တိုက်ရိုက်စီးဆင်းနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မယ်ဆိုင်မြစ်အထက် ကီလိုမီတာ ၃၀ အကွာ မိုင်းဆက်မြို့အရှေ့ဘက်မှာ တူးဖော်နေတဲ့ ရွှေသတ္တုလုပ်ငန်းတွေရဲ့ စွန့်ပစ်ရေတွေဟာ မယ်ဆိုင်မြစ်ထဲကို ကျရောက်စီးဆင်းနေတာလို့ ဖော်ပြထားပါတယ်။
ပြည်သူ့စစ်တွေရဲ့ ရွှေတူးလုပ်ငန်းတွေကြောင့် အခုလို ဆိုးရွားလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာချီလိတ်မြို့ခံတစ်ဦးက RFA ကို ပြောပြပါတယ်။
"မယ်ဆိုင်မြစ်ရေ ၂၀၂၃ ခုနှစ်ကတည်းက တော်တော်ပြောင်းလဲလာတာ။ မိုးတွင်းဆိုလည်း ရေအရမ်းကိုမှ ကြီးလာတယ်။ အဓိကကတော့ ပြည်သူ့စစ်တွေက ရွှေတွေတူး အဲဒီကကျတဲ့ စွန့်ပစ်ရေမှန်သမျှက မယ်ဆိုင်မြစ်ကို အကုန်စီးဆင်းပြီး ရေထုက ပိုညစ်သွားတာ။ ရေအရောင်က ကော်ဖီရောင်ကို ပေါက်နေတာပါ"
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့နယ်ထဲ ရေပေးဝေနေတဲ့စနစ်ကို အဓိကထောက်ပံ့နေတဲ့ အဲဒီမယ်ဆိုင်မြစ်မှာ အခုလို ရေညစ်ညမ်းမှုတွေရှိနေတာကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက သတိထားမိလာကြတာလို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဆိုပါတယ်။
အဲဒီ ရွှေတူးဖော်မှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။