အကူအညီလိုအပ်နေတဲ့ ဒေသမှန်သမျှ အကူအညီ ရောက်ရှိရေး ကုလသမဂ္ဂ တိုက်တွန်း
2012.08.09

လက်ရှိအခြေအနေမှာ ကူညီရေးအဖွဲ့တွေဟာ ထောင်နဲ့ချီ များပြားတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေရှိရာ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်ခွင့် မရကြကြောင်း၊ တိုင်းပြည်တွင်းမှာ အကူအညီတွေ လိုအပ်နေတဲ့ ဒေသမှန်သမျှကို အကူအညီတွေ ရောက်ရှိရေးအတွက် သက်ဆိုင်သူတွေအနေနဲ့ လူသားချင်းစာနာမှု အခြေခံတရားတွေအပေါ် လေးစားတဲ့စိတ်ရှိဖို့ အရေးတကြီး လိုအပ်နေကြောင်း၊ အခုအချိန်ဟာ မြန်မာနိုင်ငံမှာ မကြုံစဖူး ပြောင်းလဲနေတဲ့ အခါသမယလည်းဖြစ်ကြောင်း OCHA ခေါ် လူသားချင်းစာနာမှု ကိစ္စများဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ကုလသမဂ္ဂရုံးက ညွှန်ကြားရေးမှူး မစ္စတာ John Ging က လေးရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ပြောဆိုခဲ့ပါတယ်။
မစ္စတာ Ging ဟာ ရခိုင်ပြည်နယ်က သက်ကယ်ပြင် ဒုက္ခသည်စခန်းနဲ့ ရွှေစေတီ ဘုန်းတော်ကြီးကျောင်းကို သွားရောက်ပြီး ရွှေ့ပြောင်း ဒုက္ခသည်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အခြေအနေက အထိမခံတဲ့ အနေအထား ဖြစ်နေပေမဲ့ နှစ်ဘက် ခေါင်းဆောင်တွေအနေနဲ့ ရန်ကိုရှောင်ပြီး တရားဥပဒေ စိုးမိုးမှု ရှိစေချင်ကြတာကို တွေ့ရတဲ့အတွက် မိမိအနေနဲ့ အားတက်မိကြောင်း၊ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီတွေ ချက်ခြင်းရရှိဖို့ အရေးကြီးသလို တချိန်တည်းမှာလည်း ရှေ့အနာဂတ်မှာ ဒီလိုပဋိပက္ခမျိုးတွေ ထပ်မံ မဖြစ်ရလေအောင် တာဆီးကာကွယ်ဖို့အတွက် အရင်းခံ ပြဿနာတွေကို ဖြေရှင်းရမှာ ဖြစ်ကြောင်းလည်း OCHA ညွှန်ကြားရေးမှူး John Ging က ပြောသွားပါတယ်။