လူကုန်ကူးသူမြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးမိ
2011.07.27

Photo: RFA
ဖမ်းဆီးရမိခဲ့တဲ့ လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးဟာ ဦးတင်ဝင်း၊ ဒေါ်ရွှေကြည် နဲ့ မချို ဆိုသူတို့ဖြစ်ပြီး မနေ့က မနက် ၁၀ နာရီလောက်မှာ ချင်းမိုင်မြို့ လမ်းတခုပေါ်က အခန်းတစ်ခုမှာ ဝင်ရောက် ဖမ်းဆီး နိုင်ခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိချိန်မှာ အသက် ၃ နှစ်ကနေ အသက် ၁၄ အရွယ် ကလေး ၆ ယောက်တွေ့ရှိခဲ့တယ်လို့ ချင်းမိုင်ခရိုင် အမှတ် ၅ ရဲစခန်းရုံးချူပ်က ရဲအရာရှိ အဖိချာဒ် က အာအက်ဖ်အေ ကို ပြောပါတယ်။
တရားရုံးကနေ ဝင်ရောက်ဖမ်းဆီးခွင့်အမိန့် တောင်းခံခဲ့ပြီး အခုလို ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ ကလေးအားလုံး ၆ ယောက်ရှိကြောင်း၊ ယောက်ျား ၂ ဦးနဲ့ မိန်းကလေး ၄ ဦးဖြစ်ပြီး လူကုန်ကူးသူတွေက သူတို့ သားသမီးတွေလို့ ပြောကြောင်း၊ ဒါပေမဲ့ ကလေးတွေရဲ့ အသက်အရွယ်တွေအရ မဖြစ်နိုင်ပါကြောင်း၊ DNA စစ်ဆေးချက်ယူပြီး စစ်ဆေးနေပါကြောင်း ထိုင်းရဲက ပြောပါတယ်။
ထိုင်းရဲတွေရဲ့ အဆိုအရ ဒီကလေးတွေကို ထိုင်းစကားသင်ကြားပေးပြီး စုတ်ပြတ်ဟောင်းနွမ်းတဲ့ အဝတ်တွေနဲ့ တစ်ရက်ကို ထိုင်းဘတ်ငွေ ၅၀၀ နှုန်း ရဖို့ မနက် ၆ နာရီကနေ ညသန်းခေါင်အထိ တောင်းရမ်း ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။
သတ်မှတ်ထားတဲ့ ငွေမရရင်တော့ မနက် ၄ နာရီအထိ တောင်းခိုင်းတာတွေရှိပြီး ညဘက်တွေမှာလည်း ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိခဲ့ကြောင်း စစ်ဆေးချက်တွေအရ သိခဲ့ရတယ်လို့ ဆိုပါတယ်။
သုံးဦးထဲက ဦးတင်ဝင်း ကို အသက် ၁၅ နှစ်အောက် ကလေးငယ်အား မတော်မတရား ပြုကျင့်မှုနဲ့ အမှုတစ်ခု ထပ်တိုးထားတယ်လို့ သိရပြီး ကယ်တင်နိုင်ခဲ့တဲ့ ကလေး ၆ ဦးကိုတော့ ချင်းမိုင်မြို့မှာရှိတဲ့ ကလေးပြုစု စောင့်ရှောက်ရေး ဂေဟာမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။