လူကုန်ကူးမှုနှိမ်နင်းရေး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ DKBA ပြော
2025.02.05

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အနေနဲ့ လူကုန်ကူးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို လက်မခံဘဲ နိုင်ငံတကာနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လူကုန်ကူးခံရသူတွေရှိကြောင်း အကြောင်းကြားလာရင် ရှာဖွေပြန်ပို့နေကြောင်း DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက RFA ကို ပြောပါတယ်။
"စာထဲပါတဲ့အတိုင်းပဲ၊ နှိပ်စက်တာတို့၊ အနိုင်ကျင့်တာတို့၊ နောက်တစ်ခါ မူးယစ်ဆေးဝါးတို့ ကန့်ကွက်တယ်လေ၊ သဘောကတော့ အဲလိုမျိုး၊ လာတောင်းတဲ့သူကိုတော့ မရှိဘူး၊ မသိဘူးလို့ ဘာမှမပြောဘူး၊ အားလုံးပြန်ပို့တယ်၊ အရင်က ကျောက်ခတ်မှာ ပြန်ပို့တယ်၊ ကန့်ကွက်တာ တစ်ယောက်မှ မရှိဘူး၊ လာတောင်းရင် ပြန်ပို့တာပဲ"
မြန်မာသံရုံးနဲ့အတူ နိုင်ငံတကာသံရုံးတွေက DKBA ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူတွေရှိကြောင်း ထပ်မံတောင်းခံလာရင် ရှာဖွေအပ်နှံသွားမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က တရုတ်သရုပ်ဆောင် Wang Xing ဝမ်ကျင်းဟာ လူကုန်ကူးခံရပြီး မြဝတီမြို့နယ် DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်မှာ ပြန်လည်တွေ့ရှိပြီး လွတ်မြောက်လာတာ ဖြစ်ပါတယ်။
မြန်မာနယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ မလုပ်နိုင်အောင် မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်မြို့အပါအဝင် နေရာငါးခုကို ပေးနေတဲ့ လျှပ်စစ်မီးကို ထိုင်းနိုင်ငံက ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ဖြတ်တောက်လိုက်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဝန်ကြီးချုပ်လည်း တရုတ်သမ္မတနဲ့ တွေ့ဆုံပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိနေပါတယ်။