ထိုင်းနိုင်ငံ ဖက်ချာဘွန်းခရိုင်မှာ လူကုန်ကူးခံရတဲ့ မြန်မာ ၅၇ ဦး ဖမ်းမိ

RFA Burmese
2025.02.11
ထိုင်းနိုင်ငံ ဖက်ချာဘွန်းခရိုင်မှာ လူကုန်ကူးခံရတဲ့ မြန်မာ ၅၇ ဦး ဖမ်းမိ ထိုင်းနိုင်ငံ ဖက်ချာဘွန်းခရိုင် (Phetchabun) မှာ လူကုန်ကူးခံရပြီး စွန့်ပစ်ထားခဲ့သည့် မြန်မာနိုင်ငံသား ၅၇ ဦးအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
khaosodenglish.com Photo

ထိုင်းနိုင်ငံ ဖက်ချာဘွန်းခရိုင် (Phetchabun) မှာ လူကုန်ကူးခံရပြီး စွန့်ပစ်ထားခဲ့တဲ့ မြန်မာနိုင်ငံသား ၅၇ ဦးကို ရဲတွေက ဖမ်းမိခဲ့တယ်လို့ Khaosod သတင်းက ဖေဖော်ဝါရီလ ၁၂ ရက် ဒီနေ့ ဖော်ပြပါတယ်။

အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ငါးဦးနဲ့ အသက် ၁၈နှစ် မပြည့်သေးတဲ့ ၃၅ ဦး စုစုပေါင်း ၅၇ ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညက ခေါင်ခို (Khao Kho) ခရိုင်က နေအိမ်တစ်အိမ်ကို မောပန်းနွမ်းနယ်နေပုံရတဲ့ မြန်မာနိုင်ငံသား အမျိုးသားနှစ်ယောက်က အစားအသောက်တောင်းယူခဲ့ရာကနေ နယ်မြေခံအုပ်ချုပ်ရေးမှူးတွေက စုံစမ်းရှာဖွေခဲ့ပြီး ဖမ်းဆီးခဲ့တာလို့ ဖော်ပြပါတယ်။

သူတို့ဟာ Nakhon Sawan ခရိုင်၊ ချောင်ဘူရီပြည်နယ်ထဲက ပတ္တရားမှာ အလုပ်လုပ်ဖို့အတွက် တာ့ခ်ခရိုင် မဲဆောက်မြို့က နယ်စပ်လမ်းကြောင်းတွေကတစ်ဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူတို့ကို ပွဲစားက ထရပ်ကားနဲ့ခေါ်လာခဲ့ပြီး ခေါင်ခိုဒေသမှာ စွန့်ပစ်ခံခဲ့ရတာလို့ သတင်းဖော်ပြပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ထဖောခရိုင်ထဲမှာ လူကုန်ကူးသူတွေ စွန့်ပစ်ထားခဲ့တဲ့ မြန်မာနိုင်ငံသား သုံးဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်မှာ ပြောင်းဆန်တင်ကုန်ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ရှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားနယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာနိုင်ငံသား ၇၀၀ နီးပါး ဖမ်းဆီးခံထားရပြီး ထိုင်းအာဏာပိုင်တွေက နယ်စပ်လုံခြုံရေးကို တင်းကျပ်နေတဲ့အတွက် သတိထားကြဖို့ မြန်မာနိုင်ငံသားအရေး ကူညီပေးနေသူတွေက သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။