တရုတ်သရုပ်ဆောင် လူကုန်ကူးခံရမှုနဲ့ တရုတ်ဆယ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

RFA Burmese
2025.02.14
တရုတ်သရုပ်ဆောင် လူကုန်ကူးခံရမှုနဲ့ တရုတ်ဆယ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး ထိုင်းမြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့သည့် တရုတ်သရုပ်ဆောင် Wang Xing ခေါ် Xingxing အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ရဲစခန်းတွင် တွေ့ရစဉ်။
Royal Thai Police/ REUTERS

တရုတ်သရုပ်ဆောင် ဝမ်ရှင်းကို လိမ်လည်ဖြားယောင်းခေါ်ဆောင်မှုနဲ့ သံသယရှိသူ တရုတ်နိုင်ငံသား ဆယ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းမိထားပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးမယ်လို့ ပြောလိုက်ပါတယ်။

ဘန်ကောက်ပို့စ်ရဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ သတင်းဖော်ပြချက်အရ ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးထားသူ ဆယ်ဦးဟာ မြဝတီမြို့ကနေ တရုတ်နိုင်ငံသားတွေကို ငွေကြေးလိမ်လည်နေတဲ့ အဖွဲ့တစ်ခုကဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးရေး အရာရှိချုပ်က ပြောထားပါတယ်။

သူတို့ဆယ်ဦးဟာ မြန်မာနိုင်ငံကနေ ထွက်လာပြီး ထိုင်းကတဆင့် ကမ္ဘောဒီးယားကို သွားစဉ်မှာ ဖမ်းဆီးထားတာဖြစ်ပြီး တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ တရုတ်အစိုးရဆီ လွှဲပေးသွားမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်ပို့စ်သတင်းအရ မြန်မာနိုင်ငံမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၃၇ဝဝ အမည်စာရင်းကို တရုတ်အစိုးရက ထိုင်းအာဏာပိုင်တွေဆီ မျှဝေပေးထားပါတယ်။

တရုတ်သရုပ်ဆောင် ဝမ်ရှင်းဟာ ဇန်နဝါရီလဆန်းလောက်က ဝင်ငွေကောင်းတဲ့ အနုပညာအလုပ်တစ်ခုလုပ်ဖို့ လိမ်လည်ဖိတ်ခေါ်ခံရပြီး ထိုင်းနိုင်ငံကနေတဆင့် မြဝတီမြို့က ငွေလိမ်လုပ်ငန်းတစ်ခုဆီကို လူကုန်ကူးခံခဲ့ရပါတယ်။

သရုပ်ဆောင် ဝမ်ရှင်းက သူဟာ တရုတ်လူမျိုးတွေကို ပစ်မှတ်ထားပြီး လိမ်လည်တဲ့ မြဝတီမြို့က ငွေလိမ်လုပ်ငန်းတစ်ခုဆီမှာ အဓမ္မအလုပ်ခိုင်းစေခံခဲ့ရတဲ့အကြောင်း လွတ်မြောက်လာပြီးနောက် ထိုင်းရဲတပ်ဖွဲ့ဆီမှာ ထွက်ဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။