လူ့အခွင့်အရေးကော်မရှင် မောင်တောဒေသကို သွားရောက်လေ့လာ
2017.09.26

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖစ်စဉ်တွေကို သွားရောက်လေ့လာပြီး နိုင်ငံတော်သမ္မတထံ အစီရင်ခံစာ ရေးသားတင်ပြသွားမယ်လို့ သိရပါတယ်။
မောင်တော အကြမ်းဖက်ဖြစ်စဉ်တွေကို လေ့လာရင်းကနေ ဟိန္ဒူဘာသာဝင် အမြောက်အမြား အသတ်ခံထား ရတာတွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အစီရင်ခံစာမှာ ထည့်သွင်းတင်ပြသွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
"လာရင်းရည်ရွယ်ချက်က ဒီဒေသမှာ တဖက်က ကုလသမဂ္ဂတို့ တဖက်က စွပ်စွဲနေတာတွေ ရှိပါတယ်၊ လူမျိုးတုံး သတ်ဖြတ်နေပါတယ်ဆိုတာတွေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုပ်နေပါတယ်ဆိုတာတွေ ကြားပါတယ်ခင်ဗျ၊ ဒါတွေမှန်လားမှားလား အတည်ပြုဖို့ စုံစမ်းဖို့ ကျနော်တို့ကော်မရှင်မှာ တာဝန်ရှိ တယ်လို့ ခံယူပါတယ်၊ ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြရမှာပေါ့လေ တိုင်းရင်းသား မြို၊ခမီ၊ ဒိုင်းနက် တိုင်းရင်းသားတွေနဲ့လည်းတွေ့မှာပါခင်ဗျ"
ဟိန္ဒူဘာသာဝင်တွေရဲ့ အလောင်းတွေကို စက်တင်ဘာလ ၂၄ ရက်နေ့က စတင်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး မနေ့က နောက်ထပ် ၁၇ လောင်း တွေ့ရှိခဲ့ရာ စုစုပေါင်း ၄၅ လောင်းရှိသွားပြီ ဖြစ်ပါတယ်။
တွေ့ရှိတဲ့ ရုပ်အလောင်းတွေမှာ လက်ပြန်ကြိုးတုပ်၊ လည်ပင်းလှီးထားတာ၊ ချွန်ထက်တဲ့အရာတွေနဲ့ ထိုးသွင်းထား တာမျိုးတွေ တွေ့ရှိရပြီး လွန်ခဲ့တဲ့တစ်လလောက်က အသတ်ခံထားရတာတွေဖြစ်နိုင်ကြောင်း အစိုးရသတင်း ထုတ်ပြန်ရေးကော်မတီက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ မနေ့ကစပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တွေက ကျေးရွာတွေကို တစ်ပတ်ကြာ ကွင်းဆင်းလေ့လာသွားမှာ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိခဲ့တာတွေကို အစီရင်ခံစာအနေနဲ့ရော ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်အနေနဲ့ရော ထုတ်ပြန်ဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။