KNU ဂိတ်ဖယ်ရှားရေး ပြေလည် သွားပြီ


2016.07.02
jmc-discuss-620.jpg တနင်္သာရီတိုင်းအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးကို ဇူလိုင်လ ၂ ရက်နေ့က မြိတ်မြို့မှာ ကျင်းပနေစဉ်
Photo: Ayar Win/ Facebook

ထိုင်း - မြန်မာနယ်စပ်က ထီးခီးနယ်စပ်ဂိတ်နားမှာရှိတဲ့ KNU ဂိတ်စခန်းတစ်ခုကို အစိုးရတပ်မတော်က ဖယ်ရှား ခိုင်းထားတာနဲ့ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဆွေးနွေးပွဲမှာ ဒီနေ့ ညှိနှိုင်းရာ နှစ်ဘက်ပြေလည်မှု ရရှိသွားပါတယ်။

ထီးခီးနယ်စပ်ဂိတ် ပိတ်ခိုင်းတဲ့ကိစ္စက နားလည်မှုလွဲမှားခဲ့တာဖြစ်ကြောင်း တပ်မတော်ဘက်က ပြောကြားခဲ့တယ် လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-S) အဖွဲ့ဝင် ကိုဧရာဝင်း က ပြောပါတယ်။

"နှစ်ဖက်တပ်တွေ ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်းနေသွားဖို့နဲ့ စာချုပ်ပါတိုင်းလေးစားလိုက်နာသွားဖို့နဲ့၊ အဓိက တပ်ဘက်ကနေ ဗျူဟာမှူးက ပြောမှား၊ ဆိုမှား၊ လုပ်မှား၊ ကိုင်မှားဖြစ်သွားတဲ့အပေါ်မှာ တောင်းပန်တယ်လေ၊  ငြိမ်းချမ်းရေးဖြစ်စဉ်ပဲသွားချင်လို့  လူထုအတွက်ပဲကြည့်ပြီး လုပ်ပေးတယ်ဆိုပေမယ့်လည်း တချို့ကိစ္စတွေမှာ အမှားအယွင်းလေးဖြစ်သွားတာပါ၊ သူတို့ဘက်ကလည်းဒါကို ပြေလည်အောင်ဖြေရှင်းပေးသွားပါတယ်"

ပြီးခဲ့တဲ့ရက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးက ထီးခီးနယ်စပ်မှာရှိတဲ့ KNU ဂိတ်စခန်းတစ်ခုကို ၃ ရက်အတွင်း ဖယ်ရှားခိုင်းထားတာဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက်ဆက်ဆံရေး အနည်းငယ် တင်းမာခဲ့ပေမယ့် မြိတ်မြို့မှာ ဒီနေ့ ကျင်းပတဲ့ တနင်္သာရီ တိုင်းအဆင့်  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးမှာ ပြေလည်မှု ရရှိတာဖြစ်ပါတယ်။

ထီးခီးနယ်စပ်ဂိတ်ကို ၂ဝ၁၃ ခုနှစ်က ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီဂိတ်ဟာ တနင်္သာရီတိုင်း ဒေသကြီးရဲ့ မြို့တော် ထားဝယ်ကနေ ကားနဲ့  ၄ နာရီလောက် သွားရင် ရောက်နိုင်တဲ့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိတာဖြစ်ပါတယ်။

အဲ့ဒီလမ်းဟာ ထားဝယ်ရေနက်ဆိပ်ကမ်းကနေ ထိုင်းနိုင်ငံ ဘန်ကောက်အထိ သွားနိုင်ဖို့ ဖောက်လုပ်ထားတဲ့ ကားလမ်းလည်းဖြစ်ပြီး ထားဝယ်ကနေ နေ့စဉ်သွား လာနေတဲ့ ခရီးသည်တင်ယာဉ်တွေလည်း အများအပြား ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။