မြန်မာဘက်ပို့မဲ့ လောင်စာနဲ့ ဆိုလာပြားတွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး
2025.02.09

မြန်မာဘက်ကို မှောင်ခိုပို့မဲ့ လောင်စာဆီနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံအာဏာပိုင်တွေ မဲဆောက်နယ်စပ်က တောအုပ်တွေကြား မနေ့က ကင်းလှည့်ချိန် မသင်္ကာဖွယ်ရာပစ္စည်းတွေ သယ်လာသူနှစ်ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က စစ်ဆေးချိန်မှာတော့ သူတို့နှစ်ဦးက ပစ္စည်းတွေကို ပစ်ထားခဲ့ပြီးနောက် သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ကူးပြီး မြန်မာဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
သူတို့ပစ်ထားခဲ့တဲ့ ပစ္စည်းတွေကို စစ်ဆေးရာမှာ ဆိုလာပြားတွေထည့်ထားတဲ့ သေတ္တာငါးလုံးကို တွေ့ခဲ့ရတယ်လို့ ကင်းလှည့်အဖွဲ့ခေါင်းဆောင်တပ်မှူးက ပြောပါတယ်။
အလားတူ မယ်ရာမတ်ခရိုင်ဘက်မှာလည်း မြန်မာကျပ်ငွေ ခြောက်သိန်းနီးပါးနဲ့ ညီမျှတဲ့ စုစုပေါင်း ထိုင်းဘတ်ငွေ ၄၈ဝဝ တန်ဖိုးရှိတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတွေကို ထရပ်ကားနဲ့ သယ်ဆောင်လာသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ဒီလောင်စာဆီတွေကို ဒေသတွင်းဆီဆိုင်တွေက ဝယ်ယူခဲ့တာဖြစ်ပြီး သောင်ရင်းမြစ်ကမ်းက ဆိပ်ကမ်းတစ်ခုကို ပို့ဆောင်မှာဖြစ်ကြောင်း၊ အဲဒီနောက် မြန်မာဘက်ကို သယ်သွားမဲ့ ဝယ်သူကို ရောင်းချမှာဖြစ်ကြောင်း အဲဒီအမျိုးသားက ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက ထိုင်း-မြန်မာနယ်စပ်က မြို့တချို့ကို ထိုင်းအစိုးရက လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီတွေ ဖြတ်တောက်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး မြဝတီမြို့ကိုပို့မဲ့ လောင်စာဆီကားတွေကို ပိတ်ပင်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။