မြန်မာနယ်စပ်ရောက်နေတဲ့ နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေ စစ်ဆေး
2025.01.23

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့မှာ နိုင်ငံခြားသားတွေ တည်းခိုနေထိုင်တဲ့နေရာတွေအပါအဝင် နေရာပေါင်း ၁၃၁ နေရာကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသအာဏာပိုင် ပူးပေါင်းအဖွဲ့အစည်းတွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးနေပါတယ်။
နယ်မြေခံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ထိုင်းစစ်တပ်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အစိုးရဌာနအဖွဲ့အစည်းတွေက ဇန်နဝါရီ ၂၂ ရက်နေ့ကစပြီး အင်အား ၃ဝဝ ကျော်နဲ့ အဖွဲ့ဆယ်ဖွဲ့ ခွဲပြီး စစ်ဆေးနေတာလို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က RFA ကို ပြောပါတယ်။
မဲဆောက်မြို့တွင်းက နိုင်ငံခြားသားတွေ နေထိုင်တဲ့ တည်းခိုခန်း၊ ဟိုတယ်၊ အိမ်ယာဝင်းနဲ့ တိုက်ခန်းတွဲတွေကို အဓိကထား စစ်ဆေးနေတာလို့လည်း ဆိုပါတယ်။
"မနေ့က နေ့လယ်ကစတာပေါ့။ မဲဆောက်ရဲတပ်ဖွဲ့ လဝက၊ စေတနာ့ဝန်ထမ်းအဖွဲ့၊ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေစုပြီး ငွေလိမ်တရုတ်တွေ၊ နိုင်ငံခြားသားတွေ ဘန်ကောက်က ဆင်းလာရင် တစ်ထောက်နားတဲ့နေရာတွေကို စစ်တာပေါ့။ နောင်ဘွားရွာဘက်က ဖုအင်းဟိုတယ်တို့ မြို့ထဲ တရုတ်သင်္ချိုင်းလမ်းက ရောင်စုံတိုက် တည်းခိုခန်းတို့၊ ရော်ဘင်ဆန် ကုန်တိုက်နားက ဟိုတယ်တွေက အခန်းတွေကို စစ်တာ၊ နိုင်ငံခြားသားတွေကို ဗီဇာအထောက်အထားစစ်တာမျိုးတွေ လုပ်တာပေါ့"
ဒီစစ်ဆေးရေးအဖွဲ့တွေဟာ မြို့တွင်းသာမက မဲဆောက်မြို့ပြင်ရပ်ကွက်နဲ့ ကျေးရွာတွေဘက်က ရပ်ကွက်ချင်းဆက်လမ်းတွေ၊ အဝေးပြေးလမ်းမကြီးတွေနဲ့ သောင်ရင်းမြစ်ဘေးက ရွာချင်းဆက်လမ်းတွေမှာလည်း တစ်ပြိုင်တည်း ဂိတ်ချစစ်ဆေးနေကြောင်း ဝမ်ဖာရွာက ရွှေ့ပြောင်းမြန်မာတစ်ဦးက ပြောပါတယ်။
"မဲဆောက်ကနေ ကုက္ကိုဘက်ကို လာတဲ့ မယ်ပ၊ ဝှေးကလုပ်၊ ဝမ်ဖာလမ်း ပေါ့။ အဲဒီမှာ ဝှေးကလုပ်ရွာ ထိပ်ကနေ ဝမ်ဖာရွာအထိ ဂိတ် လေးဂိတ် ချပြီး ပလိပ်အဖွဲ့က စုံစစ်တယ်။ အဓိကကတော့ တရုတ်နဲ့ နိုင်ငံခြားသားကို စစ်တယ်။ မြန်မာတွေကိုတော့ ကား၊ ဆိုင်ကယ် အထောက်အထားတွေ စစ်တယ်"
ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ထိုင်းနယ်စပ် ဝမ်ဖာရွာနဲ့ မြန်မာဘက်ခြမ်း ရွှေကုက္ကိုကို ဆက်သွယ်တဲ့ သောင်ရင်းမြစ်ကူးနေရာတွေ ပိတ်ထားပြီး ရွှေကုက္ကို ကားကြီးကူးဂိတ်တစ်ခုပဲ ဂိတ်ဖွင့်ထားတယ်လို့ ဆိုပါတယ်။